သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

စိန့်ပီတာစဘာ့ဂ် ကော်ဖီဆိုင် ဗုံးပေါက်ကွဲမှု၊ ထင်ရှားသော ရုရှား စစ်ရေး ဘလော့ဂါတစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.3k

နိရဉ္စရာ၊ ဧပြီ ၃/၂၀၂၃ (နိုင်ငံတကာ)

 

ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့ ကော်ဖီဆိုင်တစ်ခုတွင် ဧပြီလ(၂)ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ရာ ထင်ရှားသော ရုရှားစစ်ရေးဘလော့ဂါတစ်ဦး သေဆုံးသွားသည်ဟု ရုရှား ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာသည်။

 

လူတစ်ယောက် သေဆုံးသွားပါတယ်။ သူဟာ စစ်ဘက်ဆိုင်ရာ သတင်းထောက် ဗလက်လင် တာတာစကီး ဖြစ်ပါတယ်ဟု ဝန်ကြီးဌာန၏ တယ်လီဂရမ်တွင် ဖော်ပြထားသည်။

 

အမျိုးအစားမသိရသော ပေါက်ကွဲပစ္စည်းတစ်ခု စိန့်ပီတာစဘာ့ဂ်မြို့လယ် ကော်ဖီဆိုင်တစ်ခုတွင် ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် လူ ၂၅ ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံးကြောင်း၊ ခြောက်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

 

 ပေါက်ကွဲမှုမှာ စစ်သတင်းထောက် တာတာစကီးထံသို့ အမျိုးသမီးတစ်ဦးက လာရောက်ပေးသွားသော လက်ဆောင် ရုပ်ထုအတွင်းမှ စတင်ခဲ့သည်ဟု တာ့စ်သတင်းဌာနက ဖော်ပြသည်။

 

ကောင်မလေးက လက်ဆောင်ပစ္စည်းကို သူ့စားပွဲပေါ် လာချပေးပြီး ထွက်သွားတယ်။ နောက်တော့ ပေါက်ကွဲမှု ဖြစ်တာပဲဟု မျက်မြင်တွေ့ရှိသော ကော်ဖီဆိုင်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

 

အမည်ရင်း မက်ဇင် ဖိုမင် ဟု ခေါ်တွင်သည့် ဘလော့ဂါ တာတာစကီး သည် တယ်လီဂရမ်တွင် ဖော်လိုဝါ ၅၀၀၀၀၀ ကျော်ရှိပြီး ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံသူဖြစ်သည်။

 

အသက်(၄၀)အရွယ်ရှိ တာတာစကီးသည် ရုရှားတို့ သိမ်းပိုက်ထားသည့် ယူကရိန်းအရှေ့ပိုင်းမှ ဒွန်နက်စ်မြို့ တွင် နေထိုင်သူဖြစ်သည်။

 

သူက ရုရှားတို့၏ စစ်ဆင်ရေးမြေပြင်သတင်းများကို ဗီဒီယိုရိုက်ကူး စုဆောင်းပြီး တင်ဆက်ပေးနေသူဖြစ်သည်။

 

၂၀၂၂ခုနှစ် ဩဂုတ်လကလည်း မော်စကိုမြို့ပြင်တွင် ကားဗုံးကွဲမှုတစ်ခုဖြစ်ပွါးခဲ့ရာ အယူအဆရေးရာ ရုရှား အမာခံ အလက်ဇန္ဒား ဒူဂင် ၏ သမီးသေဆုံးခဲ့ရသည်။ ထိုဗုံးခွဲမှုကို ယူကရိန်းတို့၏ လက်ချက်ဟု ရုရှားက စွပ်စွဲသော်လည်း ယူကရိန်းက ငြင်းပယ်ခဲ့သည်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မာရီယာ ဇာခါရိုဗာက တာတာစကီး ကဲ့သို့ ဘလော့ဂါများသည် အမှန်တရားကို ကာကွယ်နေသူများဟု ချီးကျူးခဲ့ပြီး ဗုံးပေါက်ကွဲမှုသတင်းနှင့်ပတ်သက်၍ တုံ့ပြန်မှု နှေးကွေးသော အနောက်အုပ်စုနိုင်ငံများကို ပြစ်တင်ဝေဖန်သွားခဲ့သည်။

 

သတင်းထောက်တွေရဲ့ လုံခြုံရေး နဲ့ သတင်းလွတ်လပ်ခွင့်အတွက် ပြောနေတဲ့သူတွေက သူတို့ဘာလဲဆိုတာ ပြလိုက်တာပဲဟု ဆိုသည်။

 

မကြာသေးမီက အမေရိကန်သတင်းထောက် အီဗန် ဂျာရ်ကိုဗစ် အား ရုရှားအစိုးရက သူလျှိုမှုဖြင့် ဖမ်းဆီးခဲ့ရာတွင် အနောက်အုပ်စုက ပြင်းထန်စွာ တုံ့ပြန်ပြီး ဝေဖန်ပြစ်တင်ခဲ့မှုအပေါ် မာရီယာ ဇာခါရိုဗာက ရည်ညွှန်းခြင်း ဖြစ်သည်။

 

NN-27

 ref:AFP

ဆက်စပ် သတင်းများ