သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အမေရိကန်က လကမ္ဘာပေါ်သို့ လူသားစေလွှတ်ရေး ထပ်မံကြိုးပမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 10.3k

အာကာသယာဉ်မှူး လေးဦးရွေးချယ်ရာတွင် အမျိုးသမီးတစ်ဦး၊ လူမည်းတစ်ဦးနှင့် ကနေဒါအာကာသအေဂျင်စီမှ အာကာသယာဉ်မှူးတစ်ဦးပါဝင်

နိရဉ္စရာ၊ ဧပြီ ၆/၂၀၂၃ (နိုင်ငံတကာ)

အမေရိကန် အမျိုးသားလေကြောင်း နှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့( NASA)သည် လကမ္ဘာသို့ လူသားများ စေလွှတ်ရေး ကြိုးပမ်းမှုအဖြစ် နှစ်ပေါင်း(၅၀)အတွင်း ပထမအကြိမ် လကမ္ဘာသို့ စေလွှတ်မည့် အာကာသယာဉ်မှူး လေးဦးကို ရွေးချယ်လိုက်ပြီဖြစ်သည်။

နာဆာက ရွေးချယ်ထားသည့် အာကာသယာဉ်မှူး လေးဦးတွင် အမျိုးသမီးတစ်ဦး၊ လူမည်းတစ်ဦး နှင့် ကနေဒါ အာကာသအေဂျင်စီမှ အာကာသယာဉ်မှူး တစ်ဦးပါဝင်သည်။

အဆိုပါ အာကာသယာဉ်မှူးသစ်လေးဦး မိတ်ဆက်ပွဲကို ဧပြီလ(၄)ရက်က ဟူစတန်ရှိ ဂျွန်ဆင် အာကာသ ဗဟိုဌာနတွင် ကျင်းပခဲ့သည်။

နာဆာ၏ လကမ္ဘာသို့ လူသားခြေချရေး စီမံကိန်းအရ ယခုရွေးချယ်ထားသည့် အာကာသယာဉ်မှူး လေးဦးသည် Artemis 2 အာကာယာဉ်ဖြင့် ၂၀၂၄ နိုဝင်ဘာလတွင် လကမ္ဘာအနီးသို့ သွားရောက်ကြမည်ဖြစ်သည်။

နာဆာသည် ပြီးခဲ့သည့် ဒီဇင်ဘာလက လူလိုက်ပါခြင်းမရှိသည့် Oreon အာကာသယာဉ်ငယ်အား Artemis-1 အာကာသအစီအစဉ်အရ လကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ စမ်းသပ်ပစ်လွှတ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့သဖြင့် ယခုတစ်ကြိမ် လူလိုက်ပါမည့် Artemis-2 အာကသအစီအစဉ်ကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

ယခု ရွေးချယ်ထားသည့် အာကာသယာဉ်မှူး လေးဦးသည် Artemis-2 အာကာသယာဉ်ဖြင့် လိုက်ပါပြီး လကမ္ဘာနှင့် အနီးဆုံးအထိ ပျံသန်းကာ ကမ္ဘာမြေသို့ ပြန်လာမည်ဖြစ်သည်။ Artemis-2 မစ်ရှင် ပြီးမြောက်ပါက ၂၀၂၅(သို့မဟုတ်) ၂၀၂၆ တွင် လူလိုက်ပါသည့် Artemis-3 မစ်ရှင်ကို ထပ်မံစေလွှတ်ပြီး လူသားများ လကမ္ဘာပေါ် ခြေချရန်စီစဉ်နေခြင်းဖြစ်သည်။

နိုင်ငံတကာအာကာသစခန်းပေါ်တွင် ရက်ပေါင်းများစွာ နေထိုင်ခဲ့ဖူးပြီး အာကာသအတွင်း လမ်းလျှောက်ခဲ့သည့် အတွေ့အကြုံရှိသူများဖြစ်ကြသည့် အမျိုးသမီးအာကာသယာဉ်မှူး ခရစ္စတီနာ ကို့ချ်၊ ဝါရင့်အာကာသယာဉ်မှူး ရိဒ် ဝိုက်စ်မင်း၊ ဗစ်တာ ဂလိုဗာ နှင့် ကနေဒါ အာကာသယာဉ်မှူး ဂျရယ်မီ ဟန်ဆင် တို့ပါဝင်သည်။ အာကာသယာဉ်မှူးများသည် Artemis-2 စီမံကိန်းအရ ၂၀၂၄၊ နိုဝင်ဘာလတွင် ကနေဒီအာကာသစခန်းမှ ဒုံးပျံပစ်စင်ဖြင့်အာကာသအတွင်းဝင်ရောက်ပြီး Orion အာကာသယာဉ်ဖြင့် လကမ္ဘာအနီးသို့ ချဉ်းကပ်ကြမည်ဖြစ်သည်။

(၁၀)ရက်ခန့်ကြာနိုင်သည့် အဆိုပါခရီးစဉ်မှာ လူသားများ ကမ္ဘာ့အပြင်ဘက်သို့ အဝေးဆုံး သွားရောက်သည့် ခရီးစဉ်ဖြစ်လာမည်ဟု သိရသည်။

Orion အာကာသယာဉ်ငယ်သည် လကမ္ဘာအနီးသို့ ရောက်ရှိပြီးနောက် လကမ္ဘာကို လှည့်ပတ်ကာ ကမ္ဘာမြေသို့ ပြန်လာပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း ဆင်းသက်မည်ဖြစ်သည်။

Artemis-2 အာကာသစီမံကိန်း အောင်မြင်ပါက နာဆာသည် လူလိုက်ပါပြီး လကမ္ဘာသို့ ဆင်းသက်မည့် Artemis-3 စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ရာ ၁၉၇၂ ခုနှစ်တွင် ရပ်တန့်သွားခဲ့သော အပိုလို စီမံကိန်းများအပြီး နှစ်ပေါင်း (၅၀)အကြာတွင် လကမ္ဘာသို့ လူသားများ ပြန်လည်ခြေချတော့မည်ဖြစ်သည်။

နာဆာ၏ Artemis အာကာသစီမံကိန်းမှာ အနာဂတ်ကာလတွင် လူသားတို့၏ အခြေစိုက်စခန်းများကို လကမ္ဘာ နှင့် အင်္ဂါဂြိုလ်ပေါ်အထိ သွားရောက် တည်ဆောက်သွားရန်ဖြစ်သည်။

 NN-27

 ref:NASA news

ဆက်စပ် သတင်းများ