သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တရုတ်နိုင်ငံက ထိုင်ဝမ်ရေလက်ကြားတွင် သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

နိရဉ္စရာ၊ ဧပြီ ၈/၂၀၂၃ (နိုင်ငံတကာ)

ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ် နှင့် အမေရိကန်လွှတ်တော်ဥက္ကဌ ကီဗင် မက္ကာသီတို့ ကာလီဖိုးနီးယားတွင် တွေ့ဆုံခဲ့မှုကို အကြောင်းပြု၍ တရုတ်နိုင်ငံက ထိုင်ဝမ်အစိုးရကို သတိပေးသည့်အနေဖြင့် သုံးရက်ကြာစစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်ရေလက်ကြားတွင် ပြုလုပ်နေကြောင်းသိရသည်။

" ညီညွတ် ထက်ရှသော ဓါးသွား" ( United Sharp Sword ) ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုကို စနေနေ့မှ တနင်္လာနေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းရပ်ဝန်း စစ်ဌာနချုပ်က ကြေညာသည်။

ထိုင်ဝမ်ကျွန်း မြောက်ပိုင်း၊ တောင်ပိုင်း နှင့် အရှေ့ပိုင်းရှိ ထိုင်ဝမ်ရေလက်ကြား ရေပြင် နှင့် လေပိုင်နက်များပေါ်တွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်သွားမည်ဟု ဆိုသည်။

လေ့ကျင့်မှုတွင် ထိုင်ဝမ်နှင့် မျက်နှာချင်းဆိုင်၌ တည်ရှိသည့် ဖူကျန်ပြည်နယ်ကမ်းခြေမှ ကျည်အစစ်ဖြင့် စမ်းသပ်ပစ်ခတ်မှုလည်း ပါဝင်မည်ဟုဆိုသည်။

တရုတ်နိုင်ငံသည် ဒီမိုကရက်တစ် ကိုယ်ပိုင်အုပ်ချုပ်မှုစနစ်ဖြင့် သီးခြားရပ်တည်နေသော ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် မှတ်ယူထားပြီး တစ်နေ့နေ့တွင် လိုအပ်ပါက အင်အားသုံးကာ ပြန်လည်ရယူမည်ဟု ကြုံးဝါးထားသည်။

" ဒီ စစ်ရေးလေ့ကျင့်မှုက ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်အင်အားစု နဲ့ ပြည်ပအင်အားစုတွေ ထိပ်တိုက်တွေ့ဆုံအောင် ရန်စနေတဲ့ လှုပ်ရှားမှုတွေအတွက် အပြင်းအထန် သတိပေးလိုက်တာပါ" ဟု PLA ီအယ်အေ မှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ရှီက ပြောကြားသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း တရုတ်စစ်သင်္ဘော သုံးစီးသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။

ယခု တရုတ်တို့၏ စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ ထိုင်ဝမ်က အပြင်းအထန် ပြစ်တင်ခဲ့ပြီး ဒေသတွင်းတည်ငြိမ်မှုကို တမင်ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း၊ ထိုင်ဝမ်သမ္မတ၏ အမေရိကန်ခရီးစဉ်ကို အကြောင်းပြ၍ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းသာဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လကလည်း ထိုင်ဝမ်သို့ အမေရိကန် လွှတ်တော်ဥက္ကဌ နန်စီ ပယ်လိုစီ လာရောက်လည်ပတ်ခဲ့သည်ကို အကြောင်းပြု၍ တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းပတ်လည်တွင် စစ်သင်္ဘောကြီးများချထားခြင်း၊ဒုံးကျည်များပစ်ခတ်ခြင်း၊ ဂျက်တိုက်လေယာဉ်များပျံသန်းခြင်းဖြင့် ခြိမ်းခြောက်အင်အားပြခဲ့သည်။

NN- 27

ref: the dailystar

ပုံစာ- သောကြာနေ့က တရုတ်နဲ့ အနီးဆုံးနေရာဖြစ်သည့် ထိုင်ဝန် ပင်တန်ကျွန်းပေါ်ရှိ ခရီးသွားများရှေ့မှ တရုတ် PLA တွန်းသင်္ဘောတစ်စီးဖြတ်သွားစဉ်

ဆက်စပ် သတင်းများ