- Web Master
- ၀၈ ဧပြီ ၂၀၂၄
ပြီးခဲ့သည့် စနေနေ့က အမေရိကန်တပ်များနှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်နေစဉ် စစ်ဘက်ရဟတ်ယာဉ်တစ်စီး ပစိဖိတ်သမုဒ္ဒရာပေါ် ပျက်ကျခဲ့ပြီး တပ်ဖွဲ့ဝင် လေးဦး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် ဩစတြေးလျက အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်များ ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။
ဩစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချတ်မာလက်စ်က ဩစတြေးလျ၏ MHR-90 Taipan အမျိုးအစား ရဟတ်ယာဉ်သည် လေ့ကျင့်မှုပြုလုပ်နေစဉ် သောကြာနေ့ညပိုင်းက ကွင်းစလန်းပြည်နယ်၊ ဟာမီလ်တန်ကျွန်အနီး ရေပြင်ပေါ်တွင် ပျက်ကျသွားခဲ့သည်ဟု ဆိုသည်။
အမေရိကန်၊ ဩစတြေးလျ၊ ဂျာမနီ၊ ပြင်သစ်၊ ဂျပန်နှင့် တောင်ကိုးရီးယားတို့မှ စစ်သည် ၃၀၀၀၀ ပါဝင်ကာ နှစ်ပတ်ကြာပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုအတွင်း ယခုကဲ့သို့ ပျက်ကျသွားခြင်းဖြစ်သည်။
" ကျွန်တော်တို့ပြောခဲ့သလိုပဲ ရဟတ်ယာဉ်ပေါ် ပါ တပ်ဖွဲ့ဝင်လေးဦးကို တစ်ညလုံး ရှာခဲ့ပေမယ့် ရှာဖွေလို့ မတွေ့သေးပါဘူး" ဟု ဩစတြေးလျကာကွယ်ရေးဝန်ကြီးမာလက်စ်က ဆိုသည်။
ရဟတ်ယာဉ်ပျက်ကျရသည့်အကြောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
တာလီစ်မန် ဆာဘရီTalisman Sabre ဟု ခေါ်တွင်သည့် စစ်ရေးလေ့ကျင့်မှုအစီအစဉ်တွင် တာဝေးပစ်လက်နက်ကြီးများ စမ်းသပ်ပစ်လွှတ်ခြင်း၊ လေကြောင်း နှင့် မြေပြင်စစ်ဆင်ရေးတို့ပါဝင်ပြီး အနောက်အုပ်စု စစ်ရေးမဟာမိတ်တို့၏ စစ်အင်အားကို ပြသရန် ရည်ရွယ်သည်။
စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်သည် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် နှင့်အတူ ဩစတြေးလျသို့ ရောက်ရှိနေပြီး အစည်းအဝေး ပြုလုပ်လျှက်ရှိသည်။
ဩဂုတ်လ(၄)ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ရပ်ဆိုင်းထားမည်လား၊ ဆက်လက်ပြုလုပ်မည်လား ရှင်းရှင်းလင်းလင်းမသိရှိရသေးဟု ဆိုသည်။
ဩစတြေးလျသည် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ကို အလုံးစုံပြောင်းလဲပစ်ရန် ကြိုးစားနေပြီး တစ်ချိန်တွင် ရန်သူဖြစ်လာနိုင်သည့် တရုတ်ကို ရည်ရွယ်၍ တာဝေးအထိ ပစ်ခတ်န်ုင်သည့် လက်နက်များ အားဖြည့်လျှက်ရှိသည်။
ထပ်မံရရှိသော သတင်းများအရ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပေါ်ခဲ့ပြီးနောက် ဩစတြေးလျ လေတပ်သည် လက်ရှိအသုံးပြုနေသော ဥရောပလုပ် MRH-90 Taipan ရဟတ်ယာဉ် ၄၅ စီးကို ဆက်လက်အသုံးမပြုတော့ဘဲ အဆိုပါရဟတ်ယာဉ်များနေရာတွင် အမေရိကန်လုပ် Black Hawks တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် အစားထိုးအသုံးပြုသွားမည်ဟု သိရှိရသည်။
NN-27
Ref: can