- Web Master
- ၁၀ ဧပြီ ၂၀၂၄
ထိုင်းနိုင်ငံက ဦးဆောင်ပြီး ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် လူသားချင်းစာနာမှုဆိုင်ရာ ဘေးကင်းဇုန် တစ်ခုတည်ဆောက်ရန် စီစဉ်လျှက်ရှိသည်ဟု သိရှိရသည်။
အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ မြန်မာအတိုက်အခံ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ရန် စီစဉ်နေကြောင်း ထိုင်းအရာရှိများက ပြောကြားသည်။
ထိုင်းနိုင်ငံသည် ထိုင်း-မြန်မာ နယ်စပ် မြဝတီ-မဲဆောက်အနီးတွင် လူသားချင်းစာနာမှုဆိုင်ရာ ဘေးကင်းဇုန်( humanitarian safe zone) တစ်ခုကို ယခုလကုန်ပိုင်းတွင် တည်ဆောက်ပြီး ဒေသခံ ပြည်သူများနှင့် ပြည်တွင်းပဋိပက္ခကြောင့် နေရပ်စွန့်ခွါထွက်ပြေးလာရသူ ၂၀၀၀၀ တို့အတွက် အစားအစာ၊ ဆေးဝါးတို့ကို ပံ့ပိုးပေးရန် စီစဉ်နေသည်ဟု ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကက်ကိုးက ပြောကြားခဲ့သည်။
ယခုကြိုးပမ်းမှုသည် အာဆီယံနိုင်ငံများ၏ မြန်မာ့အရေးဆောင်ရွက်ချက်ကို အထောက်အကူ ပြုနိုင်မည်ဟု ဆီဟာဆက်က ဆိုသည်။
အာဆီယံသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အာဏာသိမ်းစစ်ကောင်စီ နှင့် တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ ပဋိပက္ခပြီးဆုံးရေးအတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေးကြရန် တိုက်တွန်းကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။
ယခု လုပ်ဆောင်ချက်မှာ ပဋိပက္ခများ ပြေလျော့သွားရေး နှင့် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာရန် လမ်းဖောက်ခြင်းသာဖြစ်သည်ဟု ဆီဟာဆက်က ဆိုသည်။ " မြန်မာပြည်မှာ နောက်ထပ် ဆိုးရွားတဲ့ မတည်ငြိမမှုတွေ ကျွန်တော်တို့ မမြင်တွေ့လိုတော့ပါဘူး" ဟု ပြောကြားခဲ့ပြီး လုပ်ဆောင်ချက်များသည် ထိရောက်မြင်သာမှု ရှိရမည်ဟု ဆိုသည်။
ယခုဆောင်ရွက်ချက်သည် မကြာမီက လာအိုနိုင်ငံတွင် ကျင်းပခဲ့ပြီး မြန်မာကိုယ်စားလှယ်တစ်ဦး တက်ရောက်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် သဘောတူခဲ့ကြခြင်းဖြစ်ပြီး ထိုင်း နှင့် မြန်မာ ကြက်ခြေနီများက အာဆီယံ၏ ကြီးကြပ်မှုဖြင့် အထောက်အပံ့များဆိုင်ရာ စည်းမျဉ်းနှင့်အညီ မြေပြင်တွင် ကူညီထောက်ပံ့မှုများပြုလုပ်မည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီ ကျင့်သုံးမှု ပျက်ပြားသွားပြီး လက်နက်ကိုင်ပဋိပက္ခများကြောင့် လူပေါင်း ၂.၆ သန်းအိုးမဲ့ အိမ်မဲ့ဖြစ်ကာ လူပေါင်း ၁၈ သန်းမှာ အကူအညီလိုအပ်နေသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ref:Bay of Bengal Post