သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့နယ်ရမ်းပေါက်တိုက်နယ်မှ ရှေးဟောင်း ပိဋ္ဋိကတ်တိုက်တော် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.1k

ချစ်အိလှိုင်

နိရဥ္စရာ၊ အောက်တိုဘာ ၆/ ၂ဝ၂၁

ဒေသအတွင်းက သမိုင်းလေ့လာသူများနှင့် ရပ်လူကြီးများက နှစ်ပေါင်း ၅၀၀ ခန့်ရှိနေပြီဟု ခန့်မှန်ထားသည့် ရမ်းဗြဲမြို့နယ်၊ ရမ်းပေါက်တိုက်နယ်၊ ရွာကြီး ကျေးရွာ၊ ညှပ်ရိုးတော်ဓာတ် ဘုရားအနီးတွင်တည်ရှိသည့် ရှေးဟောင်း ပိဋ္ဋိကတ်တိုက်တော်မှာ ပျက်စီးလာနေသဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေကြောင်း သတင်းရရှိသည်။
အဆိုပါ ပိဋ္ဋိကတ်တိုက်မှာ အလျား ၃ဝ ပေ၊ အနံ ၂၇ ပေခန့် အကျယ်အဝန်း ရှိပြီး ၎င်းပိဋ္ဋိကတ်တိုက်မှာ အချိန်ကြာမြှင့်လာသည်နှင့်အတူ မိုးလေစသည့် ရာသီဥတုဒဏ်များကြောင့် တစ်ဖြည်းဖြည်း ယိုယွင်းပျက်စီး လာနေသဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေကြောင်း နားမူးတွေ ကျေးရွာ ကျောင်းတိုက် ဆရာတော် ဦးကေသာလက နိရဥ္စရာအား မိန့်ကြားသည်။
“ ဦးဇင်းတို့ လွန်ခဲ့တဲ့ ရက်က ခြုံတွေ၊ တောတွေကို ရှင်းထားတယ်။ ထပ်ပြီး မပျက်စီးအောင် ခြံကာ အမိုး မိုးဖို့ စီစဉ်နေတယ်။ ဒီဟာက လူမျိုးတစ်မျိုးရဲ့ တန်းဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်ဖြစ်တယ်။ တန်ဖိုးဖြတ်လို့ မရဘူး။ ဦးဇင်းတို့ ရခိုင်တွေရဲ့ စာပေယဉ်ကျေးမှု အနုပညာတွေဟာ တစ်ချိန်က ဘယ်လောက်ထိ အထက်တန်းကျခဲ့တယ်ဆိုတာ ဖော်ပြနေတဲ့အရာတစ်ခုလည်း ဖြစ်တယ်။ ပိဋ္ဋိကတ်တိုက်ဆိုတော့လေ” ဟုပြောသည်။
၎င်းပိဋ္ဋိကတ်တိုက်ကို ပိဋ္ဋိကတ်တော်များကို ထိန်းသိမ်းထားရှိရန် ကျောက်များဖြင့် အခိုင်အမာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဘက်ဘက်က ပြိုပျက်နေသဖြင့် မြေပြင်၌ အုတ်နံရံ ၂ ပေခန့်သာ ကျန်ရှိတော့ကြောင်း၊ ခြုံနွယ်ပိတ်ပေါင်းများဖြင့် ဖုံးလွှမ်းနေသည့်အတွက် ထပ်မံ မပျက်စီးစေရန် ထိန်းသိမ်းရန် လိုအပ်နေကြောင်း နားမူးတွေကျေးရွာ ကျောင်းတိုက်ဆရာတော် ဦးကေသာလက ဆက်လက် မိန့်ကြားသည်။
၄င်းအပြင် ပိဋ္ဋိကတ်တိုက်အတွင်းတွင် ညှပ်ရိုးတော်ဓာတ်မှ ပင့်ဆောင် ထားဟန်တူသည့် ဥာဏ်တော်အမြင့် ၂ ပေခန့်ရှိသည့် ထိုင်တော်မူ ဘုရား တစ်ဆူရှိပြီး အဆိုပါ ဘုရားမှာ ဝေသာလီခေတ်လက်ရာဟု မြောက်ဦး ရှေးဟောင်းသုတေသနဌာနမှ ဆရာထူးလှက ခန့်မှန်း ပြောဆိုကြောင်း ရမ်းပေါက်တိုက်နယ် ခွဆုံရွာသစ်ဇာတိ စစ်တွေမြို့ မဟာမုနိဗုဒ္ဓဝိဟာရ ကျောင်းတိုက်ဆရာတော် ဦးပညာစာရက မိန့်သည်။
“ပိဋ္ဋိကတ်တိုက်ဆိုတာက အခုခေတ်နဲ့ဆိုရင် စာကြည့်တိုက်ပေါ့။ ရခိုင် ဘုရင်တွေက ခုလို ပိဋ္ဋိကတ်တော်တွေကို တိုက်ဆောက်ပြီး ထားခဲ့တယ်။ အဲဒီနေရာမှာ ရှေးဟောင်း ဘုရား တစ်ပါးလည်းတွေ့တယ်။ ဒီဘုရားကိုတော့ တ ရှေးဟောင်းသုတေသနဌာနက ဝေသာလီခေတ် လက်ရာလို့ပြောတယ်။ ပိဋ္ဋိကတ် တိုက်တည်ပြီး နောက်ပိုင်းမှာ ပြောင်းထားတာဖြစ်လိမ့်မယ်။ ပြန်ပြုပြင်တာထက် ဒီဟာကို ရှေးဟောင်းအတိုင်း မပျက်အောင် ထိန်းသိမ်းသင့်တယ်လို့ထင်တယ်။ ပြုပြင်မယ်ဆိုရင်လည်း ရှေးဟောင်း သုတေသနဌာနနဲ့ ဆွေးနွေးပြီးမှ လုပ်သင့်တယ်” ဟုပြောသည်။
အဆိုပါခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းခဲ့သည့် ရမ်းပေါက်ဇုံနယ်ပရဟိတ အဖွဲ့မှ ဒါရိုက်တာ အဖွဲ့ဝင် ကိုမောင်ဆန်းဦးကလည်း သုတေသန အဖွဲ့များ အပါအဝင် စိတ်ဝင်စားသူများ လာရောက် လေ့လာပါကလည်း နဂိုလက်ရာ အတိုင်း လေ့လာနိုင်ရန် ရှေးဟောင်းလက်ရာမပျက် ထိန်းသိမ်းထားမည်ဟု ပြောသည်။
“ ကျွန်တော်တို့ ကိုယ်ထူကိုယ်ထနဲ့ ခြံစည်းရိုးလုပ်ဖို့၊ လမ်းလုပ်ဖို့ နဲ့ ခေါင်မိုး တစ်ခုတည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ ခြုံတွေကတော့ ရှင်းထားပြီးပါပြီ။ အလှူရှင်တွေရှိရင်တော့ ပိုကောင်းပါတယ်” ဟုပြောသည်။
၎င်းနေရာသည် ရမ်းဗြဲတိုက်နယ်မှ ရှေးကျသည့် သမိုင်းဝင် နေရာတစ်ခု ဖြစ်သော်လည်း ၎င်းပိဋ္ဋိကတ်တိုက်မှာ ရှေးဟောင်း လက်ရာဟုတ်မဟုတ်ကို သွားရောက်ကွင်းဆင်းလေ့လာပြီး ပြောဆိုနိုင်မည်ဖြစ်ကြောင်း မြောက်ဦး ရှေးဟောင်းအမွေအနစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။
“ ရမ်းဗြဲကျွန်းက ရခိုင်ပြည်နယ်ရဲ့ အရင်တုန်းက သိပ်အရေးကြီးတဲ့ ကျွန်းတစ်ကျွန်းပေါ့နော်။ အဲဒီနေရာမှာ ဘယ်လိုရှေးဟောင်း အဆောက်အအုံ ဖြစ်တယ်ဆိုတာကို ကွင်းဆင်းပြီးမှ ပြောနိုင်မယ်” ဟုပြောသည်။
ဒေသအတွင်းက သမိုင်းလေ့လာသူများနှင့် ရပ်လူကြီးများက ၎င်းပိဋ္ဋိကတ်တိုက်မှာ ရမ်းပေါက်ရွာတည်သည့် သက္ကရာဇ် ၇၉၃ ခုနစ်နှင့် ၈ဝဝ အကြား တည်ထားခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ