စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

ရွှေလှေ-သံတွဲလမ်းမပေါ်ရှိ ရေစင်ကျေးရွာတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေပြီး ရွှေလှေတိုက်နယ်ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 880

လူထက်နိုင် (ဒွါရာမြီ)

နိရဥ္စရာ ၊မေ ၁၃ /၂၀၂၄

သံတွဲမြို့နယ်၊ရွှေလှေ-သံတွဲလမ်းမပေါ်ရှိ ရေစင်ကျေးရွာတွင် မေလ ၁၃ရက်နေ့က အာရက္ခ တပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေပြီး ရွှေလှေတိုက်နယ်ကျေးရွာများကို လက်နက်ကြီးပစ်ခတ်နေကြောင်း ဒေသခံများထံမှသိရသည်။

“ ဒီနေ့မနက်ပိုင်းကတည်းက ရွှေလှေတိုက်နယ် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်က ပစ်နေတာ။ အခု ရေစင်မှာ အေအေနဲ့စစ်ကောင်စီတပ် စစ်ရေးတင်းမာနေတယ်။ ရေစင်ရွာကို ဖုန်းတောင်ဆက်လို့ မရတော့ဘူး” ဟုဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ​၏ နေဗီများပေါ်မှ ရွှေလှေတိုက်နယ်ရှိ ကျောင်းကုန်း၊ အောက်နတ်မော်၊ ဒေါ်မြ၊လင်းသီ၊ ဆူးပုတ်ကုန်း ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိရာ မေ ၁၃ ရက်နေ့မွန်းလွဲပိုင်းတွင် အောက်နတ်မော် ကျေးရွာရှိ ဒေသခံ ၂ ဦးအားလက်နက်ကြီးထိမှန်ခဲ့ကြောင်းသိရသည်။

ထို့အပြင် မေလ ၁၂ ရက်နေ့ က ဇီးကျွန်းကျေးရွာအနီးတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် နွားနှစ်ကောင်သေဆုံးခဲ့ကာ ရွာသားများထွက်ပြေးနေကြကြောင်းသိရသည်။

လက်ရှိတွင် တိုက်ပွဲများသည် သံတွဲမြို့နှင့် အနီးဆုံး နေရာအထိ ရောက်ရှိလာကာ ရေစင်၊ ကွေ့ချောင်း၊ရှင်စောပြင် ၊နတ်တောင်မော်၊ပြည့်ဝ၊ မြုံပြင်စသည့်ကျေးရွာများသို့ ကျယ်ပြန်လာသောကြောင့် သံတွဲမြို့ခံပြည်သူများ ထိတ်လန့်တုန်လှုပ်နေကြကြောင်း မြို့ခံများက ပြောသည်။

“ ဒီနေ့အခြေအနေအရတော့ အေအေက ခရမ်းမော်လမ်းခွဲမှာနေရာယူထားပြီ၊စစ်တပ်က ပြည့်ဝရွာထွက်ဝမှာနေရာယူထားတယ်။ မြို့နဲ့တော်တော်နီးနေပြီလေ။ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တယ်။ပြည်သူပဲထိမှာပါ။အေအေကိုမထိဘူး။ သူတို့က ဗျူဟာတော်တော်ကောင်းတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

 သံတွဲမြို့ပေါ်ရပ်ကွက်အနီးရှိ လက်နက်ကြီးအထိုင်ချထားသည့်နေရာများမှ စစ်ကောင်စီက လက်နက်ကြီးများဖြင့် တနေကုန်ပစ်ခတ်နေခြင်းကြောင့် မြို့ခံပြည်သူများ အထိတ်တလန့် ဖြစ်နေကြသည်ဟုလည်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် သံတွဲမြို့ အမှတ် (၅)၊ အမှတ်(၆) ရပ်ကွက်(ဗောဓိကုန်းကန်)အနီးရှိ သူခိုးစမ်းတောင်ကြော၊ ငပလီမြို့ရှောင်လမ်းနှင့် လင်းသာအနောက်ဘက်တောင်ကြောများနှင့် ဘားတောင်းတောင်ပေါ်၌ လက်နက်ကြီးများ အထိုင်ချကာ ရွှေလှေတိုက်နယ်ဘက်သို့ ပစ်ခတ်လျက်ရှိသည်ဟု မြို့ခံများကပြောသည်။

ဆက်စပ် သတင်းများ