သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်တွင် နိုင်ငံကူးလက်မှတ်လုပ်ရာ၌ ပုံမှန် ကျပ် ၄ သောင်းခွဲခန့်အစား ကျပ် ၁ သိန်းခန့်အထိ ပေးနေရဟု ကာယကံရှင်များပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 4.3k


နိရဉ္စရာ၊ မေ ၁၁/၂၀၂၂
ရခိုင်တွင် နိုင်ငံကူးလက်မှတ် (passport)လာလုပ်ရာ၌ ပုံမှန်ကျသင့်ငွေထက် ငွေကျပ် ၁ သိန်းခန့်အထိပေးနေရသည်ဟု passport လာလုပ်သည့် ကာယကံရှင်များ၏ပြောပြချက်အရ သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ(စစ်တွေ)တွင် လူတစ်ဦးလျှင် ပုံမှန် ကျပ် ၄ သောင်းခွဲခန့်သာကျသင့်သော်လည်း နေ့ချင်းပြီးအမြန်လိုချင်ပါက တစ်ဦးလျှင် ကျပ် ၉ သောင်းအထိ ပွဲစားများမှတဆင့် ပေးဆောင်နေရသည်ဟု ကိုယ်တိုင်သွားရောက်လုပ်ကိုင်ခဲ့သည့် မြောက်ဦးမြို့နယ်မှ ဦးမောင်သန်းဝင်းက နိရဉ္စရာကို ပြောသည်။
"ပုံမှန် ၄ သောင်းခွဲကုန်ရာမှာ ၉ သောင်း မပေးရင် ရက်ချင်းမလုပ်ရသူတွေကြီးပဲ။ အားလုံးတိုကင်နဲ့ ပြန်သွားရတာကြီးပဲ။ ရက်ပေါင်း ၁၉ ရက်၊ ၂၀ စောင့်ရသူတွေချည်း တွေ့ ရတယ်။ ၄ သောင်းခွဲတည်းနဲ့ ရက်ချင်းအမှန်အကန် လုပ်ခဲ့ရသူမရှိဘူး" ဟု ပြောသည်။
အဆိုပါရုံးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစပြီး Passport လာလုပ်သူပိုများလာ၍ တိုကင်ရက်ပေါင်း ၂၀ ကျော်အထိပေးထားရကြောင်း ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ Passport လာလုပ်သူများပြားပြီး တိုကင်ရက်စောင့်နေရချိန်တွင် ကျပ် ၉ သောင်းပေးသူကို နေ့ချင်းပြီး လုပ်ဆောင်ပေး၍ မပေးနိုင်သူများမှာ တိုကင်ရက်ချိန်း ၂ဝ ရက်အထိ စောင့်ဆိုင်းနေရသည်ဟု လာရောက်လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။
နယ်မှလာရောက်လုပ်ဆောင်ရသူများအဖို့ တိုကင်ရက်ချိန်းအတိုင်းထပ်လာရလျှင် အချိန်ကြာပြီး စားစရိတ်၊ နေစရိတ်၊ ခရီးစရိတ်တို့ကြောင့် နေ့ချင်းပြီး ၉ သောင်းအကုန်အကျခံကာ လုပ်ဆောင်နေရကြောင်း ကာယကံရှင်များက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး အဆိုပါ Passport ရုံးမှ တာဝန်ရှိသူက အခကြေးငွေယူကာ လုပ်ဆောင်ပေးမှုမှာ ပွဲစားများနှင့် Passport လာလုပ်သူများ၏ ၂ ဦး ၂ ဘက်သဘောတူညီမှုသာဖြစ်ပြီး ၄င်းတို့နှင့် သက်ဆိုင်မှုမရှိကြောင်း ငြင်းဆိုသည်။
တိုကင်ရက်ချိန်း ရက် ၂ဝ ပေးထားသော်လည်း နေ့ချင်းပြီးလုပ်ဆောင်ပေးမှုအချို့လည်းရှိကြောင်း မလေးရှားသို့သွားရန် Passport လာလုပ်သည့် ကျောက်တော်မြို့နယ် ဂျင်းကြီးကျေးရွာမှ မချစ်စုက ပြောသည်။
"တခါမှ မလုပ်ဖူးတော့ မသိဘူးပေါ့နော်။ မနေ့က ရုံးထဲမှာလည်း လူတွေကလည်းများတော့ တအားစောင့်လိုက်ရတယ်။ နေ့လည် ၃ နာရီကေန ညမိုးချုပ်တဲ့အထိပဲစောင့်လိုက်ရတယ်။ သနားလို့လားတော့မသိဘူး။ ၄ သောင်းခွဲလောက်နဲ့ အပြီးလုပ်ပေးလိုက်တယ်"ဟု ပြောသည်။
ရခိုင်တွင် အလုပ်အကိုင်ရှားပါး၍ ပြည်ပသို့ထွက်ခွာပြီး အလုပ်သွားလုပ်ရန်အတွက် စစ်တွေရှိ Passport ရုံးတွင် Passport လာလုပ်သူ နေ့စဉ် ရာနှင့်ချီ ရှိနေသည်ဟု သိရသည်။
ယင်းသို့ လာရောက်လုပ်ဆောင်ရာတွင် လူငယ်၊ လူလတ်ပိုင်းအရွယ် အများဆုံးလာရောက်ကြပြီး စီးပွားရေးနှင့် ပညာရေးကိစ္စတို့အတွက် သွားရောက်သူ မရှိသလောက်နည်းပါးကြောင်း သိရသည်။
(NN-7)

ဆက်စပ် သတင်းများ