သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းကချုပ်လုပ်သော ရခိုင်ထုတ်တီရှပ်များစျေးကွက်အတွင်းဖြန့်ချီရန်အဆင့်သို့ရောက်ရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 5.8k

နိရဥ္စရာ၊ စက်တင်ဘာ ၁/၂၀၂၂

မြောက်ဦးမြို့ရှိ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းကထုတ်လုပ်သောတီရှပ်များကို  တစ်ပြည်လုံး စျေးကွက်အတွင်း ဖြန့်ချိရန် အဆင့်သို့ရောက်ရှိနေပြီဖြစ်သော်လည်း စစ်ပွဲများကြောင့် မြောက်ဦး တစ်မြို့တည်းမှ လွဲ၍ တစ်ခြားမြို့နယ်များတွင် ဖြန့်ချီနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းမှ သင်တန်းဆရာမ မဇာချေက "မြောက်ဦးမြို့တစ်မြို့တည်းပဲ စတင်လို့တော့ လက်လီလက္ကား  ဖြန့်နေတာကတော့ တစ်လကျော်လောက်ရှိနေပါပြီ။ တခြားမြို့တွေကိုတော့ မဖြန့်ရသေးပါဘူး။ နိုင်ငံရေးက အခြေအနေ မကောင်းတော့လေ။ တခြားတွေကလည်း လာမဝယ်နိုင်ကြသေးဘူး။ အင်္ကျီတွေတော့ ချုပ်ပြီးသိမ်းထားပါတယ်။ သီတင်းကျွတ်လောက်မှာ ရခိုင်တစ်ပြည်နယ်လုံးစဖြန့်ချိနိုင်မလားမှန်းထားပါတယ်" ဟု ပြောသည်။

ရခိုင်တွင် လက်ရှိဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများဖြစ်ပေါ်နေ၍ မြောက်ဦးမြို့နယ်စျေးကွက်တစ်ခုတည်းကိုသာ လက်လီလက္ကား ဖြန့်ချိထားနိုင်သေးကာ တစ်ပြည်လုံးရှိစျေးကွက်အတွင်းသို့ ဖြန့်ချိရန် အစိအစဉ်ရှိသော်လည်း လောလောဆယ်တွင် ဖြန့်ချိမှု မပြုလုပ်နိုင်ဘဲ ဖြစ်နေသည်ဟုဆိုသည်။

အဆိုပါတီရှပ်များကို မြောက်ဦးမြို့ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာဘုန်းကြီးကျောင်းရှိ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း၏ အခမဲ့စက်ချုပ်သင်တန်းမှ သင်တန်းသူ ၂ဝ ဦးခန့်က ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှစတင်ကာ စမ်းသပ်ချုပ်လုပ်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် စျေးကွက် အတွင်းဖြန့်ချိနိုင်သည့်အဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
တီရှပ်များကို စျေးကွက်တွင်ဖြန့်ချိရာတွင် သင့်တင့်သောစျေးနှုန်းများနှင့် ဝတ်ဆင်သည့် သူများလည်း စိတ်တိုင်းကျမှုရှိအောင် သပ်သပ်ရပ်ရပ်ဖြင့် လက်စကောင်းမွန်မှုရှိစေရန် ချုပ်လုပ်ထားသည်ဟု သင်တန်းဆရာမ မဇာချေက ဆက်ပြောသည်။

"စျေးကွက်အရ ဖြန့်ချိထားသလောက်ပေါ့နော်။ ရခိုင်လူမျိုးတွေက အားပေးမှုတွေရှိပါတယ်။ အားပေးမှုတွေ  ရရှိအောင်လည်း တတ်နိုင်သလောက်စျေးညှိပေးပါတယ်။ ချုပ်တဲ့ပုံစံကိုလည်း သပ်သပ်ရပ်ရပ်ချုပ်ပါတယ်။ တီရှပ်သီးသန့်ရယ်လို့မဟုတ်ဘူးပေါ့။ ကလေး၊ လူကြီး၊ ကျား၊ မ မရွေး နွေ၊ မိုး၊ ဆောင်း ရာသီဥတု ၃ မျိုး အဝတ်အစားတွေလည်း ထုတ်ဖို့ရှိပါတယ်" ဟုပြောသည်။

ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းက ယခင်ကလည်း ကလေးဝတ်အင်္ကျီ၊ ကျောင်းဝတ်စုံ အဖြူအစိမ်းများ၊ ရခိုင်ဝတ်စုံများကိုလည်း မြောက်ဦးမြို့ စျေးကွက်တွင် ချုပ်လုပ်ရောင်းချခဲ့သည်ဟု သိရသည်။

ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းကို ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်မှ အလုပ်လက်မဲ့ အမျိုးသမီးငယ်များအနေဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ဝင်ငွေရရှိနိုင်ရေးအတွက် ရည်ရွယ်ကာစက်ချုပ်သင်တန်းများကို ၂၀၁၇ ခုနှစ်မှ စတင်  ရခိုင်ရှိ မြို့နယ်အချို့တွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးနေသည်ဟုလည်း သိရသည်။ (NN-13)


ဆက်စပ် သတင်းများ