သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေတွင် covid-19 ကြောင့် ပန်းစိုက်ပျိုးသူတို့အခက်ကြုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.8k

ဇော်ဝင်းဋ္ဌေး(ငခူချောင်း)
နိရဥ္စရာ၊ နိုဝင်ဘာ ၃/၂ဝ၂ဝ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ပန်းစိုက်ပျိုးသော လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းနေကြသူများမှာ  ကမ္ဘာ ကပ်ရောဂါ covid-19 ကြောင့် ဘဝရပ်တည်ရေး အခက်အခဲကြုံနေရကြောင်း ပန်းစိုက်ပျိုး ရောင်းချနေသူများက ပြောကြားသည်။

ပန်းစိုက်ပျိုးရောင်းချသူ ဦးခင်ဦးမောင်က “ ကိုဗစ်အခြေအနေကြောင့် ပန်းစိုက်ပျိုးသူတို့ငွေရေးကြေးရေး အခက်အခဲရှိလာတယ်။ ပန်းတွေကိုလည်း စျေးလျော့ရောင်းကြရတယ်။ အရင်ကဆိုရင် ပန်းတစ်ပင်ကို ၄ဝဝ ကျပ်နဲ့ရောင်းရပေမယ့် အခုတော့ ၂၅ဝ လောက်စျေးနဲ့ လျော့ ရောင်းကြရတယ်။ ကိုဗစ်အခြေအနေ တွေကြောင့် ရောင်းချရတာလည်း အရင်ကလို လွတ်လပ်မှု မရှိဘူး။ ကိုဗစ်ကြောင့် တခြားနယ်မြို့တွေကို တင်ပို့ ရောင်းချမှုနှုန်း  လျော့ကျသွားတယ်။ ငွေရေး ကြေးရေးတွေ အခက်အခဲ ရှိလာပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

စစ်တွေတွင် ပန်းစိုက်ပျိုးရောင်းချသူမှာ ၆ဝနီးပါးလောက်ရှိပြီး အားလုံးမှာ အခက်အခဲများဖြင့် ရင်ဆိုင် နေရသည်ဟု ၎င်းက ပြောကြားသည်။

“ကိုဗစ်အခြေအနေတွေကြောင့် ပန်းပျိုးတွေလည်း ရန်ကုန်ကနေ အချိန်မီ ရောက်မလာနိုင်တာ။ အရင်တုန်းက ဆိုရင် ရန်ကုန်ကနေ လေယာဉ်တွေနဲ့ ပန်းပျိုးတွေ မှာလို့ရတယ်။ အခုက လေယာဉ်တွေလည်း ကိုဗစ် အခြေအနေတွေကြောင့် ပုံမှန်ပျံသန်းမှုတွေ မရှိဘူး။ အကုန်လုံး အခက်အခဲတွေ ဖြစ်ကုန်တယ်။ ရောင်းအားလည်း အရမ်းလျော့ကျသွားတယ်” ဟု ပြောသည်။

စစ်တွေမြို့မှ ပန်းစိုက်ပျိုးသူများသည် ပန်းများကို စစ်တွေမြို့တွင် ရောင်းချသည်သာမက နယ်မြို့များ ဖြစ်ကြသည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်းသို့တင်ပို့ရောင်းချနေကြသည်ဟု သိရသည်။

“ပန်းတွေကို အသုံးများတာက ဘုရားမှာ ပန်းကပ်ကြတယ်။ လက်ဆောင်ပေးကြတယ်။ ပြီးတော့ အခမ်းအနားတွေမှာ အသုံးပြု အလှဆင်ကြတယ်။ ပန်းပင်ကလေးတွေ ကြီးလာတော့ ပန်းစိုက်သူတွေက ပီတိလေးတွေဖြစ်ရတယ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ အလုပ်ပါ”ဟု ပြောသည်။

ထိုသို့ ပန်းစိုက်ပျိုးသူများ ဘဝရပ်တည်ရေး အခက်အခဲ ဖြစ်နေသဖြင့် အစိုးရက အနေဖြင့် ထောက်ပ့ံကြေးများ (သို့မဟုတ်) ချေးငွေများ ပေးအပ်ရင် အခက်အခဲ တစ်ဝက်လောက် ပြေလည်နိုင်မည်ဟု ဦးခင်ဦးမောင်က  ပြောသည်။

စစ်တွေမြို့တွင် အဓိက စိုက်ပျိုးသည့် ပန်းများမှာ ဂန္ဓမာ၊ ကြယ်၊ မေမြို့၊ ငွေနှင်းဖြူနှင့် မနှင်းဖြူစသည့် ပန်းအမျိုးအစားများ ပါဝင်ကြောင်း ဦးခင်ဦးမောင်မှ ပြောသည်။

ဆက်စပ် သတင်းများ