ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်၏ မော်လမြိုင်က နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 848

အေးမြတ်ခိုင်၊ နိရဥ္စရာ၊ အောက်တိုဘာ ၂၇/၂၀၂၄ 

 သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကိုကိုဇော် နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်လိုက်ကြောင်း သတင်းရရှိသည်။ 

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ ထားဝယ်စုရပ်ရှိ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်ဦးကိုကိုဇော်၏ နေအိမ်ကို အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည်ဟု စွပ်စွဲကာ နိုင်ငံတော်ပိုင်အဖြစ် သိမ်းကြောင်း စစ်ကောင်စီက လာရောက် ချိပ်ပိတ်သွားခြင်းဖြစ်သည်။ 

 

အောက်တိုဘာ ၂၅ ရက်၊ နေ့လယ် ၃ နာရီခန့်မှာ ကား ၇ စီးဖြင့် လမ်းထိပ် ၂ ဖက်ကို ပိတ်ကာ စစ်ကောင်စီပူးပေါင်းအဖွဲ့က ချိတ်ပိတ်သွားခြင်း ဖြစ်ကြောင်း ဦးကိုကိုဇော်က ပြောသည်။ 

 

“ သံလွင်တိုင်းမ် အယ်ဒီတာချုပ်အိမ် ဆိုတာထက်ကို မိဘအိမ်ဆိုတာ သူတို့အနေနဲ့ သိကြပါတယ်။ ဒီအိမ်က အရင်ကတည်းက ရာဇဝင်နဲ့ အစဉ်အဆက် စောင့်ကြည့် ခံရတဲ့အိမ်ဖြစ်နေခဲ့တယ်။ ဒါကြောင့်မလို့ သူတို့က လုပ်တယ်လို့ ယူဆတယ်။ တဖက်မှာလည်း  လတ်တလောမှ အယ်ဒီတာချုပ်အိမ်ဖြစ်လို့ ပိတ်တယ်လို့တော့ မယူဆဘူး။  သူတို့မှာ အကြောင်း တခုခုကို စောင့်ပြီးတော့မှလုပ်တယ်လို့ ယူဆတယ်”ဟု ပြောသည်။ 

 

လွန်ခဲ့သည့် ၁၉၉၇ ခုနှစ်ကတည်းက မြန်မာစစ်တပ်သည် ဦးကိုကိုဇော်၏ မိဘလုပ်ငန်း မြို့လယ်ပုံနှိပ်တိုက်ကို ချိပ်ပိတ်ကာ ဖခင်ဖြစ်သူကို ထောင် ၆ နှစ်၊ ဦးကိုကိုဇော်ကို ထောင် ၇ နှစ်ချမှတ်ခဲ့သေးသည်။ 

 

ယခုတစ်ကြိမ် နေအိမ်ချိပ်ပိတ်ခံရမှုနှင့် ပတ်သက်၍ အထွေအထူး မခံစားရတော့ကြောင်း ဦးကိုကိုဇော်က ဆက်ပြောသည်။ 

 

“ဒီချိပ်ပိတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ထူးပြီးမခံစားရပါဘူး။ တပြည်လုံးမှာ ကျနော့ထက်ဆိုးတဲ့ ကျနော့ထက် ဒုက္ခရောက်နေတဲ့ မိသားစုတွေအများကြီး ပေါ့နော်။ တချို့ဆို အသက်၊သွေး၊ချွဲတွေ ပေးဆပ်ပြီးတော့မှ လူမသိသူမသိ ပျောက်သွားတာတွေလည်း ရှိသလို လူသိတဲ့ပုဂ္ဂိုလ်တွေလည်း ရှိခဲ့တာပေါ့နော်။ သူတို့တွေ ခံစားခဲ့ရတာတွေနဲ့ စာရင် ဒီအိမ်ချိပ်ပိတ်တာလောက်ကတော့ ဘာမှ မပြောပလောက်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး စိတ်ထဲ စိတ်မကောင်းရုံကလွဲပြီး အထွေအထူးတော့လည်း တအားကြီးမခံစားရပါဘူး”ဟု ပြောသည်။ 

 

သံလွင်တိုင်းမ်သတင်းဌာနသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် ဖြစ်ပေါ်နေသည့်  လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ နှင့် နေ့စဉ်သတင်းများကို တင်ဆက်ပေးနေသော သတင်းဌာနတစ်ခုဖြစ်သည်။ 

 

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁  ခုနှစ်၊ ဇွန်လ ၂၅ ရက်မှာ စစ်ကောင်စီတပ်က သံလွင်တိုင်းမ်သတင်းဌာနကို ဝင်ရောက်စီးနင်းခဲ့သည့်အတွက် သံလွင်တိုင်းမ် ဝိုင်းတော်သားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာ လွတ်မြောက်နယ်မြေ တစ်နေရာမှ သတင်းများတင်ဆက်ပေးနေကြောင်း သိရသည်။ 

 

ပုံစာ-သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကိုကိုဇော်နေအိမ် ချိပ်ပိတ်ခံထားရသည်ကို တွေ့ရစဉ်။ 

ဆက်စပ် သတင်းများ