အင်္ဂါ၊ အောက်တိုဘာလ ၈ရက်၊ ၂၀၂၄

စစ်တွေထောင်မှ အကျဥ်းသား ၃၀၀ ခန့်ကို စစ်ကောင်စီက ညအချိန် ခေါ်ထုတ်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 828

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ အောက်တိုဘာ ၈/ ၂၀၂၄

စစ်ရေး အခြေအနေတင်းမာလာသည့် ရခိုင်ပြည်၊ စစ်တွေမြို့အကျဥ်းထောင်မှ အကျဥ်းသား ၃၀၀ ခန့်ကို စစ်ကောင်စီတပ်က ညအချိန် ခေါ်ထုတ်သွားကြောင်း နိရဉ္စရာက စုံစမ်းသိရှိရသည်။

ယ​နေ့ အောက်တိုဘာလ ၈ ရက်၊ နံနက်အစောကြီး  ည ၁ နာရီကျော်ခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ကားများဖြင့် BXT ကိုရီးယားဆိပ်ကမ်းသို့တင်ဆောင်သွားပြီး ယင်းမှ တစ်ဆင့် စစ်ဇက်ရေယာဥ်ဖြင့် ထပ်မံ၍ တင်ဆောင်သွားသည် မျက်မြင် ဒေသခံများက ပြောသည်။  

စစ်တွေမြို့မှ အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက "ထောင်ပြောင်းတာလား။ ဒါမှမဟုတ် တိုက်ပွဲတွေမှာအသုံးချဖို့အတွက် ရှေ့တန်းပို့တာလား မပြောတတ်ဘူး။ ဇက်စစ်ရေယာဉ်နဲ့ တင်ခေါ်သွားတယ်"ဟု ပြောသည်။

မည်သည့်နေရာသို့ခေါ်ထုတ်သွားသည်ကို တိတိကျကျ မသိရသေးဟုလည်း သူက ပြောသည်။

"ပင်လယ်ဘက်ကို ထွက်သွားကြတယ်။ ဘယ်ကိုခေါ်သွားမှန်းလည်း အတိအကျမသိဘူး"ဟု ပြောသည်။

ခေါ်ထုတ်ခံရသည့်အကျဥ်းသားများတွင် နိုင်ငံရေးအကျဥ်းသားများလည်းပါဝင်ပြီး သူတို့ကို ရန်ကုန်မြို့​၊ အင်းစိန်ထောင်သို့ပြောင်းရွှေ့မည်ဟု ကြားသိရသည်ဟု  နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ခေါ်ထုတ်ခံရသည့်အကျဥ်းသားများတွင် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ ဖမ်းဆီးထောင်ချခံထားရသည့် ဒေသခံများလည်း ပါဝင်သွားကြောင်း သိရသည်။

နောက်ထပ်မြို့ခံတစ်ဦးက "ဖမ်းခံထားရတဲ့ မိသားစုဝင်တွေဆီကို အကျဥ်းသားတွေ ပြောင်းရွေ့တယ်လို့ ဖုန်းရောက်တယ်လို့လည်း ကြားတယ်။ နှစ်အများကြီးကျတဲ့သူတွေကို ရန်ကုန် အင်းစိန်ထောင်ကို ပို့မယ်လို့လည်းပြောသံတွေကြားတယ်" ဟုပြောသည်။

စစ်တွေအကျဥ်းထောင်မှ အကျဥ်းသားများကို စစ်ကောင်စီက ခေါ်ထုတ်သွားရာ၌ လမ်းကြောင်းရှင်းသည့်အနေဖြင့် စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရဲတပ်ရင်း အမှတ် (၁၂)မှ လက်နက်ကြီးများပစ်ကူခြင်း၊  BXT ကိုရီးယားဆိပ်ကမ်းတစ်လျှောက် လက်နက်ငယ် ပစ်ခတ်ခြောက်လှန့်မှုများရှိခဲ့ကြောင်း စစ်တွေမြို့ခံများက ပြောသည်။

ထိုသို့အကျဥ်းသားများကို ဇက်ရေယာဥ်ဖြင့် ခေါ်ဆောင်သွားရာ၌ မိုးလင်းသွားသဖြင့် အကျဥ်းသားတချို့ကို စစ်တွေအကျဥ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ရကြောင်းလည်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးအပတ်ကလည်း စစ်တွေအကျဥ်းထောင်မှ အကျဥ်းသား ၅၀၀ ခန့်ကို စစ်ကောင်စီက ဇက်ရေယာဥ်ဖြင့်တင်ဆောင်သွားကြောင်း သိရသည်။

တချို့က စစ်တွေထောင်ထဲက ဒုစရိုက်အမှုများဖြင့် ထောင်ကျနေသူများကို စစ်မြေပြင်သို့ ပို့ဆောင်မှုများရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

"သူခိုး၊ ဂျပိုးတွေကိုကျတော့ စစ်ရေးဧရိယာမှာသုံးဖို့ခေါ်သွားတာလို့လည်း သိရတယ်"ဟု ပြောသည်။

အဆိုပါ ထောင်သားများကို ခေါ်ယူသွားခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းအား ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသဖြင့် အကျဉ်းသားများကို မည်သည့်နေရာသို့ ခေါ်ယူသွားသည်ကို မသိရှိရသေးပါ။



ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ