သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အမ်း ပဒဲကြောရွာ စာသင်ကျောင်းကို စစ်ကောင်စီမှ လေကြောင်းက ဗုံးကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 870

မင်းသျှင်စော၊  နိရဉ္စရာ ၊စက်တင်ဘာ ၁၀/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ မအီနှင့် အမ်း ကားလမ်းမထက်၌ တည်ရှိသည့်  ပဒဲကြောရွာစာသင်ကျောင်းကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲခဲ့သည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။

စက်တင်ဘာ ၈ ရက်၊ ညနေ ၆နာရီအချိန်ခန့်တွင် အမ်း -မအီ လမ်းမ မွားအုပ်စု၊ ပဒဲကြောရွာ စာသင်ကျောင်းကို စစ်ကောင်စီ  Y12  လေယဉ်ဖြင့် ဗုံးတစ်ကြိမ်ကြဲချခဲ့သည်ဟု ဒေသခံတစ်ဉီးက နိရဉ္စရာ သို့ပြောသည်။

"အဲဒီနေ့ ည၆ နာရီဝန်းကျင်လောက်မှာ Y12 ကလာပြီးဗုံးချတယ်။ စာသင်ကျောင်းနားကိုကျတယ်။ စာသင်ကျောင်းလည်း တော်တော်ပျက်စီးသွားတယ်။ အဲဒီကျောင်းကအလယ်တန်းကျောင်းပါ။ ကံကောင်းလို့။ နေ့လယ်ဆိုကလေးတွေ ပါသွားမှာ။ အခုကစာသင်ချိန်မဟုတ်လို့တော်သေးတယ်"ဟု ၄င်းကပြောပါသည်။

ဗုံးကြဲမှုကြောင့် ကျောင်းအုပ်ဆရာကြီးမှာ ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

တိုက်ပွဲတစ်စုံတရာမရှိဘဲ ပဒဲကြောရွာစာသင်ကျောင်းကို စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးလာကြဲခဲ့သဖြင့် စာသင်ကျောင်း အထိအခိုက်အပျက်အစီးများရှိခဲ့သည်ဟု ဆိုသည်။

ဒီပဲကြောရွာ၊တလိုင်းတောင်ရွာတို့သည်မွားအုပ်စုဖြစ်ပြီးအများအားဖြင့်ချင်းလူမျိုးများနင့်ရခိုင်လူမျိုးတို့စုပေါင်းနေထိုင်ကြသောကျေးရွာများဖြစ်ကြသည်။

စစ်ကောင်စီမှ ၄င်းကျေးရွာဖက်သို့ အာရက္ခတပ်တော် (AA)ရှိသည်ဟုသံသယဖြင့် အမ်းမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်မူရှိနေပြီး ကျွဲ နွားများလည်း ထိခိုက် သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီသည် အမ်းမြို့ထဲသို့ အေအေ ဝင်ရောက်လာနိုင်သောနေရာများကို မြေမြုတ်မိုင်း ထောင်ခြင်းနှင့် ကာကင်းများချထားကာ လမ်းသွားလမ်းလာ ပြည်သူများကိုလည်း ယခင်ကထက် အစစ်ဆေးများပြုလာသည်။

ဆက်စပ် သတင်းများ