တနင်္လာ၊ စက်တင်ဘာလ ၃၀ရက်၊ ၂၀၂၄

အမ်းအမြောက်တပ် (၃၇၄) လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

(ဒဏ်ရာရသူများရှိ၍ ဆေးရုံတင်ထားရဟုဆို)

မင်းသျှင်စော နိရဉ္စရာ ၊စက်တင်ဘာ ၃၀/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ အမြောက်တပ် (၃၇၄) ကို အာရက္ခတပ်တော် (AA)မှ လက်နက်ကြီးဖြင့်တိုက်ခိုက်ခဲ့၍ ဗိုလ်ကြီးတစ်ဦးအပါဝင် တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ဒဏ်ရာ ရရှိသွားပြီး ဆေးရုံတင်ထားရသည်ဟု စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းရ သိရှိရသည်။

" စက်တင်ဘာ ၂၈ ရက် ညနေ ၄နာရီကျော်လောက်မှာ အရာရှိအဆောင်နဲ့ ဗဟိုကင်းနားကို လက်နက်ကြီးကျည် ၃ လုံးကျတယ်။ အသံကတအား အကျယ်ကြီးကြားရတယ်။ ကျွန်တော်တို့က အေအေက ဝင်တိုက်ပြီထင်နေကြတာပါ။ နောက်ခဏနေတော့မှ နောက်ထပ်အသံ ထွက်ပေါ် လာတော့ လက်နက်ကြီးနဲ့ ပစ်ခံရတာလို့ သိရတယ်။ ဗိုလ်ကြီးတစ်ဦးနဲ့ တပ်ဖွဲ့ဝင် အများအပြား ပြင်းထန် ဒဏ်ရာရသွားတယ်။ သူတို့ကိုအခု တပ်တွင်းဆေးရုံမှာ အရေးပေါ် ကုသနေရတယ်"ဟု ပြောသည်၊

ထိုသို့ ပစ်ခတ်ခံရပြီးနောင် စစ်ကောင်စီ နပခဌာနချုပ် အပါအဝင်လက်နက်ကြီးစခန်းများမှ ချက်ချင်းဆိုသလို နီးစပ်ရာတောင်တန်းများကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ပစ်ခတ်မှုများ ဖြစ်ပွားပြီး ၅ နာရီခန့် အကြာ ည ၁၀ နာရီကျော်အချိန်ခန့်တွင် မီးကျောင်းချောင်း ရွာနားကို လေယာဉ်ဖြင့်ဗုံး ၂ ကြိမ်လာချခဲ့သည်ဟု သိရသည်။

“ ရွာအစွန် လာကျတယ်။ လေယာဉ်က ကြဲချတဲ့ ဗုံးတွေ။ ရွာရဲ့ အစွန်က နေအိမ်အချို့ ပျက်စီး ဆုံးရှုံးသွားတယ်။ ဒေသခံရွာသားတွေက အရင်ကတည်း ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အတွက် ဒဏ်ရာရတာတော့ မရှိဘူး” ၎င်းက ပြောဆိုသည်။

အဆိုပါ ကျေးရွာသားများသည် အမ်းမြို့ပေါ်သို့ စစ်ဘေးရှောင်ရန် ထွက်ပြေးခဲ့ကြရပြီး ထိုအထဲအမှ လူငယ်ပိုင်းတချို့ကို စစ်ကောင်စီက မသင်္ကာသဖြင့် ဖမ်းဆီးထားသည်ဟု ဆိုသည်။

အမ်းမြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော်(AA)နှင့်​ စစ်ကောင်စီတို့ စစ်ရေးအခြေအနေ တင်းမာနေပြီး  အမ်းမြို့ အတွင်း အရေကြီးသည့် နေရာများတွင် စစ်အင်အား တိုးချထားပြီး လုံခြုံရေးကို အထူးတင်းကျပ်ထားသည်ဟု သိရသည်။ 

စစ်ကောင်စီသည် စက်တင်ဘာ ၂၇ ၊ ၂၈ တို့ ၂ ရက်တာတိုက်ပွဲအတွင်း အရာရှိ တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်အများအပြားကျဆုံးခဲ့ပြီး အမ်းမြို့တွင် စစ်ရေးပြင်ဆင်မူများ ပြုလုပ်ကာ နေညအချိန်တိုင်းစစ်ကြောင်းများ သွားလာနေ၍ဒေသခံ မြို့နေပြည်သူများ စိုးရိမ်နေကြရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ