- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
သိန်းဇော်(မောင်တော)
နိရဥ္စရာ၊ အောက်တိုဘာ ၂၆/၂ဝ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာအနီး မေယူမြစ်အတွင်း သွားလာနေသည့် ရွှေနဒီ အမြန်ရေယာဉ်အား ရခိုင့်တပ်တော် (AA) မှ ကြားဖြတ်ဟန့်တားပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၂ဝ ကျော်အား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၎င်းနေရာအနီးတစ်ဝိုက်ရှိ တောင်တန်းများကို တပ်မတော်က ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်နေသည်ဟု သတင်းရရှိသည်။
ဒေသခံ မျက်မြင် တစ်ဦးက “ ဒီကနေ့ မွန်းလွဲ ၂ နာရီကျော်လောက်က လာပစ်တာပါ။ ပစ်နေတာက ရေမျက်၊ ညောင်ပင်လှ၊ ရေဘုတ်၊ ကျောက်တန်း အဲဒီကျေးရွာတွေ အနီးတစ်ဝှိုက် ဖြစ်ပါတယ်။ ကျွန်တော်မြင်တာက ရဟတ်ယာဉ် လေးစီးမြင်ပါတယ်။ ပထမ၊ အခု နောက်ထပ် နှစ်စီးလာပြီး ပစ်တယ်” ဟု ပြောသည်။
ထိုသို့ ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် ကျေးရွာသားများမှာ အားလုံးထွက်ပြေးသွားကြကြောင်း၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျရောက်ခြင်း မရှိသေးကြောင်း၊ တောတောင်များကို အဓိက ပစ်ခတ်နေကြောင်း၊ ယခုကဲ့သို့ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နေခြင်းမှာ (၅) ကြိမ် ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဓိက ပစ်ခတ်နေသည့် နေရာများမှာ ကျောက်တန်း၊ ရေပုတ်၊ ထီးစွဲ၊ မောင်ဖြူရွာ၊ ဆောက်ခတ်၊ ကျောက်ရန် ရေမျက် ကျေးရွာအနီး တစ်ဝိုက်တွင် ဖြစ်ကြောင်း သိရသည်။
၎င်းပြင် ရသေ့တောင် အခြေစိုက် တပ်ရင်းများမှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး တောင်တန်းများ ပေါ်တွင် ကျရောက် ပေါက်ကွဲနေကြောင်း ပြောကြားသည်။
ယနေ့ နံနက် ၁၁နာရီခန့်က စစ်တွေမှ ဘူးသီးတောင်သို့ မေယူမြစ်ကြောင်း အတိုင်း ပြေးဆွဲနေသည့် ရွှေနဒီ အမြန်ရေယာဉ်သည် ရသေ့တောင်မြို့နယ် ပြိန်းတောနှင့် ရေမျက်ကျေးရာ အကြား အရောက်တွင် AAမှ သေနတ်ဖြင့် ပစ်ဖောက်တားဆီးပြီး ရဲတပ်ဖွဲ့ဝင် ၂၇ ဦးကို ခေါ်ဆောင်သွားကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ( AA) ပြောခွင့်ရသူ ခိုင်သုခအား ဆက်သွယ်ရာ ဖုန်း အဆက်အသွယ် မရရှိသေးပါ။
----------------------------------
Unicode:
နိရဉ်စရာ၊ အောကျတိုဘာ ၂၆/၂ဝ၁၉