တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင် သင်္ကြန်ကာလ ၂၄ နာရီကူညီနိုင်ရန် လူမှုကူညီရေးအသင်းများ ပြင်ဆင်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 706

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၈/၂၀၂၂
ရခိုင်တွင် သင်္ကြန်ကာလအတွင်း ၂၄ နာရီကူညီပေးနိုင်ရန် လူမှုကူညီရေးအသင်းများက ပြင်ဆင်ထားကြကြောင်း သိရသည်။
သင်္ကြန်တွင်း လူစုလူဝေးနေရာများကိုအဓိကထားပြီး စောင့်ကြည့်ကာ မတော်တဆထိခိုက်မှုများကို ၂၄ နာရီကူညီနိုုင်ရန် အရေးပေါ်ကားများအား ပြင်ဆင်ထားကြောင်း ပုဏ္ဏားကျွန်းလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(PDYO)အတွင်းရေးမှူး ကိုမောင်မောင်သန်းက နိရဥ္စရာကို ပြောသည်။
“ပြင်ဆင်ထားတာတွေတော့ ရှိပါတယ်။ ကျွန်တော်တို့ ဂျူတီဝင်မည့်အပိုင်းတွေပေါ့။ ဟိုင်းဝေးလမ်းမထက်မှာလည်း နေရာတွေ သတ်မှတ်ချထားတယ်။ ကွမ်းတောင်ဘက်မှာဆိုလည်း ကွမ်းတောင်အသင်းတွေနဲ့ ချိတ်ဆက်ထားပါတယ်”ဟု ပြောသည်။
စစ်တွေမြို့ရှိ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုမင်းထည်ဝါကလည်း လူအများစုဝေးရာနေရာများတွင် မတော်တဆဖြစ်ပွားပါက အဆင်သင့်ဖြစ်နေစေရန် အရေးပေါ်ကားများကို ထားရှိပေးသွားမည်ဟု ပြောသည်။
“အက်ဆီးဒင့်ဖြစ်တဲ့လူနာတွေကို အဓိကထားကူညီဖို့ ကားတွေကို Stand by လုပ်ထားပါတယ်။ သင်္ကြန်တွင်းမှာလည်း ၂၄ နာရီဝန်ဆောင်မှုပါပဲ”ဟု ပြောသည်။
သင်္ကြန်ကာလအတွင်း သောက်စားပျော်ပါးမှုများ၊ အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုများမဖြစ်အောင် ဆင်ခြင်သင့်ပြီး ဆို်င်ကယ်များကိုလည်း သတိထားမောင်းနှင်ရန် ကိုမင်းထည်ဝါက တိုက်တွန်းသည်။
“သင်္ကြန်ကာလဖြစ်တဲ့အတွက် သတိတစ်ခုထားပြီး လူနာတင်ယာဉ်လာရင် ဥသြသံကြားရင် ဘေးကိုချရပ်ပေးဖို့၊ လမ်းဖယ်ပေးပြီး ပူးပေါင်းပါဝင်ပေးစေချင်ပါတယ်”ဟု ပြောသည်။
ယခုအခါ စက်သုံးဆီစျေးနှုန်များလည်း မြင့်တက်နေသည့်အတွက် ၂၄ နာရီကူညီပေးရာတွင် အခက်အခဲများလည်း ရှိလာနိုင်သည်ဟု လူမှုကူညီရေးဆောင်ရွက်နေသူများက ပြောသည်။

ဆက်စပ် သတင်းများ