တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်တွေမြို့တွင်တည်ဆောက်နေသည့် May Yu Shopping Complex မှာ လက်ရှိ ၉၀ ရာနှုန်းပြီးစီးနေပြီဖြစ်ကာ လာမည့်သီတင်းကျွတ်တွင် ဖွင့်လှစ်နိုင်မည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 8.8k

မြထွီးသျှင်
နိရဉ္စရာ၊ မေ ၂ /၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်တွင် တည်ဆောက်နေသည့် May Yu Shopping Complex မှာ လက်ရှိ ၉၀ရာနှုန်းပြီးစီးနေပြီဖြစ်ကာ နောက်လာမည့်သီတင်းကျွတ်အမီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည်ဟု သိရှိရသည်။
လာမည့်သီတင်းကျွတ်တွင် ယင်းစင်တာဖွင့်ပွဲပြုလုပ်နိုင်ရန် စီစဥ်နေကြောင်း တာဝန်ယူ ဆောက်လုပ်နေသည့် Western Shining Star ဆောက်လုပ်ရေး ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးတင်အောင်ဦးက ပြောသည်။
"၉၀ ရာခိုင်နှုန်းလောက်အထိတော့ပြီးစီးနေပြီ။ စင်တာကတော့ နောက်က လူနေစျေးဆိုင်တွေ တချို့တဝက်ကိုတော့ အပ်ထားပြီးပါပြီ။ မပြီးသေးတာတွေလည်းရှိသေးတယ်။ Shopping mallကတော့ မိုးတွင်းလောက်မှာ အချောသတ်ပြီးရင်တော့ အခန်းအပ်ဖို့လုပ်ထားတယ်။ နောက်ပြီး သီတင်းကျွတ်လောက်ဆိုရင်တော့ ဖွင့်ပွဲလုပ်ဖို့စီစဥ်ထားပါတယ်"ဟု ၎င်းက ပြောသည်။
အဆိုပါ May Yu Shopping Complex ကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်မှ စတင်ကာ ၂ နှစ်ခွဲအတွင်း အပြီးတည်ဆောက်ရန် လျာထားခဲ့သော်လည်း စစ်ရေး၊ နိုင်ငံရေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ယခုကဲ့သို့ ပြီးစီးရန် အချိန်ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ယခင် မေယုစျေးအဟောင်းအားဖြိုဖျက်ပြီး ၂ဝ၁၇ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် May Yu Shopping Complex ကို စတင်ပန္နက်ရိုက်ကာ ကျပ်သိန်းပေါင်း ၇ သောင်းခန့် အကုန်အကျခံ ၃ ထပ် အဆောက်အဦး အဖြစ် တည်ဆောက် နေခြင်းဖြစ်သည်။
မြေညီထပ်တွင် စျေးဆိုင်ခန်းများ၊ Super Market များပါဝင်မည်ဖြစ်ပြီး ပထမထပ်တွင် ရုပ်ရှင်ရုံများ ပါဝင်မည်ဖြစ်သည်။ အပေါ်ဆုံးအထပ်တွင် အလှပြင်ဆိုင်၊ အားကစားခန်းမ၊ ကလေးကစားကွင်း၊ အပန်းဖြေနိုင်မည့် ဆိုင်ခန်းများနှင့် စားသောက်ဆိုင်များပါဝင်မည်ဟုလည်း သိရသည်။
ယခင်မေယုစျေးဟောင်းတွင် ရောင်းချခဲ့သည့် ဆိုင်ခန်းပေါင်း ၁၄၄ ခန်း ကိုလည်း မူလအကျယ်အဝန်း အတိုင်း အခကြေးငွေမယူဘဲ ပေးအပ်ရန် ဆိုင်ခန်းပိုင်ရှင်များနှင့် ကုမ္ပဏီတို့ သဘောတူ လက်မှတ် ရေးထိုးထားကြောင်း သိရသည်။
ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်မဦးသန်းက "အန်တီတို့က ဘေထုတ် ရောင်းနေတာဆိုတော့ အခုဒီမှ ာရောင်းနေသလိုမျိုး အဲဒီနေရာမှာလည်း ရှင်းရှင်းလင်းလင်းနေရာချပြီးရောင်းချင်တယ်။ အဲလိုမျိုး ရောင်းချခွင့်ရမလား ဆိုတာတော့ သိချင်တယ်။ အဲဒါလေးတစ်ခုစိုးရိမ်နေတယ်၊ ဘယ်အချိန်မှ အဲဒီဆောက်ထားတဲ့နေရာမှာ ရောင်းရမလဲဆိုတာတော့ မသိသေးဘူး" ဟုပြောသည်။
လက်ရှိတွင် အဆိုပါဆိုင်ခန်းများမှာ လောကာနန္ဒာစေတီအနီးရှိ ယာယီစျေးတွင် ပြောင်းရွှေ့ ရောင်းချနေရသည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါ May Yu Shopping Complex အတွင်း ဓာတ်လှေကား ၂ စင်းနှင့် စက်လှေကား ၄ စင်းကိုလည်း တပ်ဆင်ထားပြီဖြစ်ပြီး ကုန်တိုက်၏ ရှေ့မျက်နှာစာ ဆိုင်ခန်းအများအပြားမှာလည်း တည်ဆောက်ပြီးစီးနေပြီ ဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ - ဇော်ဝင်းအောင်/နိရဥ္စရာ

ဆက်စပ် သတင်းများ