တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သည်ဟုဆိုကာ ပလက်ဝတွင် ဖမ်းဆီးမှုများရှိနေ၍ လူဦးရေ ၆ဝ ခန့် ရခိုင်သို့တိမ်းရှောင်နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 6.2k


မြထွီးသျှင်
နိရဥ္စရာ၊ မေ ၆/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာအချို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ စစ်တပ်က ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများရှိနေသည့်အတွက် လူဦးရေ ၆ဝ ခန့်သည် ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအချို့သို့ ထွက်ပြေးတိမ်းရှောင်လာနေရကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်နေရသူများတွင် ပလက်ဝမြို့နယ်၊ စိမ့်စင်းကျေးရွာမှ လူဦးရေ ၂ဝ ကျော်နှင့် သမိန်ကျေးရွာမှ လူဦးရေ ၃ဝ ခန့်ပါဝင်သည်ဟု သိရသည်။
ယင်းအထဲတွင် ကလေးမိခင်များ၊ ကိုယ်ဝန်သည်များ၊ အမျိုးသားများနှင့် ကလေးငယ်များလည်း ပါဝင်သည်ဟုလည်း သိရသည်။
လက်ရှိတွင် စိမ့်စင်းကျေးရွာမှထွက်ပြေးလာသူတို့သည် ကျောက်တော်မြို့နယ်ရှိ မဟာမုနိစစ်ဘေးရှောင်စခန်းနှင့် သမိန်ကျေးရွာမှထွက်ပြေးလာသူတို့သည် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတို့တွင် ခိုလှုံလျက်ရှိသည်ဟု သိရသည်။
စိမ့်စင်းကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ အမျိုးသမီးတစ်ဦးက “AA အလုပ်ကိုလုပ်တယ်။ AA ကိုထောက်ပံ့ကြေးပေးတယ်ဆိုပြီးတော့ အိမ်တွေကိုဝင်ဖမ်းတယ်။ ကျမအဖေတို့ကိုလည်း ဖမ်းတယ်။ ဒါကြောင့် ကျမတို့လည်း ပြေးလာကြတာ” ဟုပြောသည်။
ယင်းအပြင် ယခုထွက်ပြေးလာသူများတွင် ချင်းပြည်နယ်အတွင်း စစ်တပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF)တို့ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့်ထွက်ပြေးလာသည့် ရခိုင်လူမျိုးအချို့လည်း ပါဝင်သည်ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းအေးက နိရဥ္စရာသို့ပြောသည်။
“သူတို့နေတဲ့နေရာတွေမှာ CDF နဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ကြတယ်လို့ ပြောတယ်။ တိုက်ပွဲဖြစ်စမှာတော့ သူတို့က အသွားအလာတွေရှောင်ကြတယ်လို့ပြောတယ်။ တိုက်ပွဲတွေဆက်တိုက်ဖြစ်သွားရင် ရခိုင်ကိုပြန်လာဖို့အခက်အခဲဖြစ်မှာစိုးလို့ အခုလိုလာပြီး တိုက်ပွဲလာရှောင်ကြတာဖြစ်တယ်” ဟု ပြောသည်။
ထွက်ပြေးတိမ်းရှောင်သူများအနက် သမိန်ရွာသားတို့သည် ပြီးခဲ့သည့် ဧပြီလအတွင်း ညောင်ချောင်းစစ်ဘေးရှောင်စခန်းသို့ စတင်ခိုလှုံနေကြခြင်းဖြစ်ပြီး မဟာမုနိစစ်ဘေးရှောင်စခန်းသို့ခိုလှုံလာသူများမှာ ဖေဖော်ဝါရီလအတွင်း ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ - Wai Hun Aung

ဆက်စပ် သတင်းများ