တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင် အလုပ်အကိုင်ရှားပါး၍ ပြည်ပထွက်ခွာအလုပ်လုပ်ရန် နိုင်ငံကူးလက်မှတ် (Passport)လုပ်သူ ယခင်ထက်ပိုများလာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 4.4k

နိရဥ္စရာ၊ မေ ၁၁/၂၀၂၂
ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် ရခိုင်မှ ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်ရန် နိုင်ငံကူးလက်မှတ် (Passport)လာလုပ်သူ ယခင်ထက်ပိုများလာနေကြောင်း သိရသည်။
စစ်တွေရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ခွဲရုံး(စစ်တွေ)တွင် မတ်လဆန်းမှစတင်ကာ ယခင်လများထက် နိုင်ငံကူးလက်မှတ်(Passport)လာလုပ်သူများပြားလာ၍ တိုကင်ရက်ချိန်း ရက်ပေါင်း ၂၀ ကျော်အထိပေးထားရကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာ ကိုပြောသည်။
“တိုကင်လာယူရင် ၁ ပတ်စောင့်ရတယ်၊ ၁၀ ရက်စောင့်ရတယ်လို့ သတ်မှတ်ထားတာတော့ မဟုတ်ဘူး။ ဒီနေ့ဆို တိုကင်ရှိတယ်။ အယောက် ၁၀၀ လုပ်ပေးပြီးတဲ့အခါကျတော့ နောက်ဝင်လာတဲ့လူတွေကို ၁ ရက်နေ့ဝင်လာတယ် ခွဲလိုက်တယ်။ ၂ ရက်နေ့ထပ်ဝင်လာတယ်။ ပြည့်သွားတယ်ပေါ့။ တစ်ရက်ပြည့်လိုက် နောက်တစ်ရက်ထပ်ပေးလိုက်နဲ့ အဲ့ဒီလိုနဲ့ အခုကတော့ ရက် ၂၀ ကျော်စာလောက် ရောက်နေပြီ”ဟု ပြောသည်။
ယခုကဲ့သို့ ပြည်ပနိုင်ငံများမှာအလုပ်သွား ရောက်လုပ်ကိုင်လိုသူ များပြားနေခြင်းမှာ အခြေခံလူတန်းစားများအနေဖြင့် ပြည်တွင်းတွင် အလုပ်အကိုင်ရှားပါးမှုနှင့် ပုံမှန်ဝင်ငွေမရရှိမှုတို့ကြောင့် မိသားစုစားဝတ်နေရေးအတွက် သွားရောက်လုပ်ကိုင်ရခြင်းဖြစ်ကြောင်း နိုင်ငံကူးလက်မှတ် (Passport) လာလုပ်သူများက ပြောသည်။
နယ်မှ Passport လာလုပ်သည့်အခါ လူများ၍ နေ့ချင်းမပြီးဘဲ နှောင့်နှေးကြန့်ကြာမှုများကြောင့် ငွေကြေးအကုန်အကျပိုများနေကြောင်းလည်း ကျောက်တော်မြို့နယ်၊ စိန်ခြုံကျေးရွာမှ ထိုင်းနိုင်ငံသို့အလုပ်သွားလုပ်ရန် Passport လာလုပ်သူ ကိုရွှေစိုးက ပြောသည်။
"ကိုယ့်နယ်မှာကျတော့ ကျပ်တာနဲ့ နိုင်ငံခြားသွားလုပ်မလို့ Passport လာလုပ်တာပါ။ နေ့ချင်းပြီးရမယ်ထင်လို့လာတာ။ အဝတ်အစားမပါတာတို့၊ တည်းမယ့်အသိမရှိတာမျိုးတို့ကြုံရတယ်။ ကုန်ကျစရိတ်ပိုများတာပေါ့"ဟု ပြောသည်။
နိုင်ငံကူးလက်မှတ် (Passport) လာလုပ်သူများ များပြားပြီး တိုကင်ရက်စောင့်နေရချိန်တွင် အခကြေးငွေယူပြီး နေ့ချင်းပြီးလုပ်ဆောင်ပေးနေသူများရှိနေသောကြောင့် ပုံမှန်ထက်တိုကင်စောင့်ဆိုင်းရက် ပိုကြာမြင့်နေရကြောင်း Passport လာရောက်လုပ်ကိုင်သူများက ပြောသည်။
Passport လာလုပ်ရာတွင် ထိုင်းနိုင်ငံသို့ ၇၀ ရာနှုန်း၊ မလေးရှားနိုင်ငံသို့ ၂၃ ရာနှုန်း၊ စင်္ကာပူ၊ ဂျပန်နှင့် ကိုရီးယားသို့ ၇ ရာနှုန်းခန့်ရှိသည်ဟု သိရသည်။
လာလုပ်သူများတွင် လူငယ်၊ လူလတ်ပိုင်းအရွယ်အများဆုံးဖြစ်ပြီး အလည် Passport နှင့် အလုပ် Passport အလုပ်အများဆုံးဖြစ်ကာ စီးပွားရေး၊ ပညာရေးနှင့် သွားရောက်သူ မရှိသလောက်နည်းပါးကြောင်း Passport ရုံးတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် အလုပ်အကိုင်ရှားပါးမူများကြောင့် ပြည်ပနိုင်ငံများကို အလုပ်သွားရောက်လုပ်ကိုင်လိုသူများပြားနေပြီး နိုင်ငံကူးလက်မှတ်နှင့် တရားဝင်သွားရောက်လုပ်ကိုင်သူများရှိသလို တရားမဝင်မှောင်ခိုလမ်းများက သွားရောက်သူများလည်းရှိသည်။
နယ်စပ်ဒေသများတွင်လည်း မကြာခဏ တရားမဝင်မြန်မာအလုပ်သမားများ ဖမ်းဆီးခံမှုများလည်းရှိနေသည်။
(NN-7)

ဆက်စပ် သတင်းများ