တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်တွေမြို့ထဲရှိ လုပ်ငန်းခွင်များတွင် မူဆလင်အလုပ်သမားများ ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k

နိရဥ္စရာ၊ မေ ၁၅ / ၂၀၂၂
၂၀၁၂ ခုနှစ် လူမျိုးရေး ဘာသာရေး ပဋိပက္ခများကြောင့် လူမျိုးနှစ်ခု အကြား တင်းမာခဲ့သော ဆက်ဆံရေးမှာ ယခုအခါ တစ်ဖြည်းဖြည်း ပြေလျော့လာပြီး စစ်တွေမြို့ပေါ်ရှိ လုပ်ငန်းခွင်များတွင် မူဆလင် အလုပ်သမားများ၏ အလုပ် လုပ်ကိုင်ခွင့်များလည်း ပြန်လည်ရရှိလာသည်ဟု သတင်း ရရှိသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သွားရောက်လုပ်ကိုင်သည့် ဘုမေရွာမှ မူဆလင်လူမျိုးတစ်ဦးဖြစ်သူ ကိုလင်းလင်းက " အခုဆိုရင် ကျနော်တို့ နေတိုင်း မြို့ထဲသွားပြီး အလုပ်သွားရတယ်။ ကျနော်တို့ကို ပြန်ပြီး လုပ်ကိုင်ခွင့် အခွင့်လမ်းတွေပေးလို့ ရခိုင်လူမျိုးတွေကိုလည်းကျေးဇူးတင်ပါတယ်။ ခုလို ရခိုင်နဲ့ မူဆလင်တွေအကြားမှာ ပြန်ပြီးအတူတူအလုပ်ကိုင်ရတဲ့အတွက် ပျော်လည်း ပျော်ပါတယ်။ မိသားစု စားဝတ်နေရေး အတွက်လည်း မပိုလျှံတောင်မှ ထမင်းမငတ်ဘူး" ဟုပြောသည်။
မူဆလင်လုပ်သားများသည် စစ်တွေမြို့တွင် တည်ဆောက်နေသည့် အိမ်များအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ဝင်ရောက် လုပ်ကိုင်ခွင့်ရရှိနေပြီး စျေးများ၊ ဆိပ်ကမ်းများနှင့် လိုအပ်သော လုပ်ငန်းခွင် များတွင်လည်း အလုပ်လုပ်ကိုင်ခွင့်များမှာ ယခင်ကထက် တစတစ ပိုမို ရရှိလာခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ လူမျိုး၊ဘာသာမခွဲခြားပဲ အလုပ်အကိုင်အခွင့်အလန်း ရရှိလာခြင်းမှာ ရခိုင်ပြည်အတွက် အလားလာကောင်သော လက္ခဏာတစ်ရပ်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြဿနာဖြစ်စရာ အကြောင်းရှိလာပါကလည်း တစ်ဦးနှင့်တစ်ဦး နားလည်မှုများနှင့် ညှိညှိနိုင်းနိုင်း ဖြေရှင်းသင့်သည်ဟု ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာဦးခိုင်ကောင်းစံက ပြောသည်။
" သူတို့တွေကို ကျောင်းတက်ဖို့အခွင့်အလမ်းရတာတို့၊ အလုပ်အကိုင် ပေးတာတွေက ကောင်းတဲ့ အလားအလာရှိပါတယ်။ အတိတ်က ဖြစ်ပျက်ခဲ့တာတွေကိုလည်း ဆင်ခြင်သင့်ပြီးတော့ နောက်မဖြစ်ရအောင် တစ်ဦးနဲ့တစ်ဦးညှိနိူင်းပြီး နေသင့်တယ်။ ခုဆိုရင် တော်တော်များများ နေရာတွေမှာလည်း သူတို့တွေ အခွင့်အလမ်းရတာတွေလည်းတွေ့နေရတယ်" ဟုပြောသည်။
စစ်တွေမြို့ရှိ တည်ဆောက်ရေး လုပ်ငန်းများတွင် ယခင်က လုပ်သား ရှားပါးမှု များနှင့် ကြုံတွေ့ခဲ့ရပြီးယခုနောက်ပိုင်းတွင် မူဆလင် အလုပ်သမားများကို ခေါ်ယူအသုံးပြုလာရာမှ အဆင်ပြေမှုတချို့ရှိလာခဲ့ပြီး ယခုလို အသုံးပြုလာမှုမှာ အချိန်အားဖြင့် နှစ်ပိုင်းလောက်သာ ရှိသေးသည်ဟု သိရသည်။ (NN-9)

ဆက်စပ် သတင်းများ