တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

တစ်ဦးဒုက္ခရောက်လျှင်တစ်ဦးကူညီရမည်ဆိုသောအသိစိတ်ဓာတ်ဖြင့် မူဆလင်ကျောင်းသားတို့ ရခိုင်မီးဘေးသင့်စစ်ဘေးရှောင်များကိုကူညီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 2.7k

နိရဉ္စရာ၊ မေ ၂၃/ ၂၀၂၂
ရခိုင်ပြည်တွင်နေထိုင်သည့် လူမှုအသိုက်အဝန်းများအနေဖြင့် တစ်ဦးဒုက္ခရောက်လျှင် တစ်ဦး ကူညီရမည်ဆိုသော အသိစိတ်ဓာတ်ဖြင့် မူဆလင်တက္ကသိုလ်ကျောင်းသားများက ရခိုင်မီးဘေးသင့် စစ်ဘေးရှောင်များကို မေလ ၂၂ ရက်နေ့က ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်ဟုသတင်းရရှိသည်။
မူဆလင်တက္ကသိုလ်ကျောင်းသား ကိုဇော်မင်းထွန်းက "အခု သူတို့ကဆိုရင် စစ်ဘေးရှောင်တွေပေါ့။ အဲ့ဒီစစ်ဘေး ရှောင်တွေကဆိုရင် သူတို့အိမ်တွေ မီးလောင်သွားပြီး ထပ်ပြီး ဒုက္ခရောက်သွားတဲ့အတွက် အဲ့ဒီဒုက္ခသည်တွေရဲ့ အခက်အခဲ တွေကို ကျွန်တော်တို့က သိတယ်။ နားလည်တယ်။ စာနာတယ်။ ကျွန်တော်တို့က ဒီပြည်မှာ နေထိုင်ကြတဲ့ လူမှုအသိုက်အဝန်းများအနေနဲ့ တစ်ဦးဒုက္ခရောက်လျှင် တစ်ဦးကူညီရမည်ဆိုသောစိတ်ဓာတ်နဲ့ ကူညီတာ ဖြစ်တယ်။ ကိုယ့်အိမ်ထဲမှာ တစ်ယောက်ယောက်က ဒုက္ခရောက်နေရင် နောက်တစ်ယောက် ကူညီဖို့ တာဝန်ရှိတယ်ဆိုတဲ့ ယူဆချက်နဲ့ အဲ့ဒီလိုသွားပြီး ကူညီခဲ့တာဖြစ်တယ်" ပြောပါတယ်။
၎င်းမူဆလင်ကျောင်းသားများသည် စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ အကူအညီဖြင့် မဟာမြတ်မုနိ စစ်ဘေးရှောင်စခန်းရှိ မီးဘေးသင့် ဒုက္ခသည်များကို အလှူငွေ ကျပ် ၈ သိန်းနှင့် ကလေးငယ်များအတွက် စားစရာမုန့်အချို့ကိုပါ လှူခဲ့ကြောင်းသိရသည်။
တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေးကတော့ "ကျွန်တော်တို့ ဒီ အာရက္ခပြည်မှာ နေထိုင်တဲ့ လူမျိုးဘာသာအစုံ ရိုင်းပင်းကူညီဖို့လိုပါတယ်။ တစ်ဖက်မှာ ဒုက္ခရောက် နေရင် နောက်တစ်ဖက်မှာ ဖေးမကူညီပေးတာမျိုးတွေ ကောင်းပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်သူတွေ ဒီလိုမျိုး ဒုက္ခ ရောက်နေချိန်မှာ မူဆလင်ကျောင်းသားတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးတာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အနေနဲ့ ဝမ်းသာပါတယ်'' လို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ တုန်းကလည်း ရခိုင်ပြည်ကျောင်းသား သမဂ္ဂကမှတစ်ဆင့် စစ်ဘေးရှောင်များအတွက် အလှူငွေ ၃ သိန်းလှူဒါန်း ခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ