တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်က လူသိများသည့်လူမှုရေးသမားကိုမြင့်မိုး (သံတွဲ) အဆုတ်နမိုးနီးယားပိုးဝင်ရာမှကွယ်လွန်၊ သူအားမေ ၂၄ ရက်နေ့တွင် သင်္ဂြိုလ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 3.5k

နိရဉ္စရာ၊ မေ ၂၃/ ၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ လူသိများသည့် လူမှုရေးလှုပ်ရှားတက်ကြွသူ ကိုမြင့်မိုး (၄၉) နှစ်သည် အဆုတ်ထဲသို့ နမိုးနီးယားပိုးဝင်၍ မေလ ၂၂ရက်နေ့တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်ဟု ဇနီးဖြစ်သူက ပြောသည်။
"သူ့မှာက အသဲနဲ့ကျောက်ကပ်ကမကောင်းဘူး။ အသဲနဲ့ကျောက်ကပ်က ဆေးသောက်လို့ ဆေးကုလို့ ရှိရင်သေဖို့ အချိန်မတန်သေးပါ။အဆုတ်ကလည်း တခြမ်းပဲရှိတာ။ ဆေးရုံတက်နေတဲ့ကာလမှာ အဆုတ်ထဲကို နမိုးနီးယားပိုးဝင်လို့သေဆုံးသွားရတာပါ။မနက်ဖန် သင်္ဂြိုလ်ဖို့ပြင်ဆင် ထားပါတယ်။ မှော်ဘီဘောလုံးကွင်း သုသာန်မှာပါ"ဟု ပြောသည်။
ကိုမြင့်မိုးမှာ ရန်ကုန်မြို့၊ အာရှတော်ဝင်အထူးကူး ဆေးရုံမှာ ဆေးရုံတက်နေစဉ် အဆုတ်ထဲသို့ နမိုးနီးယားပိုးဝင်ကာ သေဆုံးသွားခြင်းဖြစ်ပြီး မတ်လကတည်းကနေ မသေဆုံးခင် တစ်ရက်နေ့အထိ ဆေးရုံတတက်ရောက်ကုသနေခြင်း ဖြစ်သည်။
ကုသပေးနေ သည့်အထူးကူးဆရာဝန်များက သူ့အနေဖြင့် အသက်မရှင်နိုင်တော့ကြောင့် ပြောဆိုခဲ့သဖြင့် ဆေးရုံမှဆင်းကာ နေအိမ်၌တစ်ညအိပ်ပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူက ပြောသည်။
ကိုမြင့်မိုးသည် ရခိုင်ပြည်အတွက် ဒေသမြို့ရွာ မခွဲခြားဘဲအလုပ်လုပ်နေကိုင်နေသူ တစ်ယောက်ဖြစ်သည့်အတွက် သူကွယ်လွန်မှုမှာ ရခိုင်လူမျိုးအတွက် တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုရှိသွားခဲ့သည်ဟု စာရေးဆရာဝေဟင်အောင်ကပြောသည်။
"အထူးသဖြင့် သံတွဲဖက်ပိုင်းပေါ့။ သံတွဲဒေသ မှာက အမျိုးသားရေးနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် အလုပ်လုပ်နိုင်တဲ့သူနည်းတယ်။ အဲဒီအချိန်မှာ ကိုမြင့်မိုးသေဆုံးသွားတာကြောင့် ဆုံးရှုံးနစ် နာမှုရှိတယ်"ဟုပြောသည်။
ယင်းအပြင် ကိုမြင့်မိုးသည် အမျိုးသားရေးလှုပ်ရှားမှု၊ ပရဟိတ လှုပ်ရှာမှုများလည်း ဦးဆောင်ကာလုပ် ဆောင်ခဲ့သူဖြစ်သဖြင့် သံတွဲဒေသ အတွက်လည်း ဆုံးရှုံးမှုဖြစ်သည်ဟု သံတွဲမြို့မှ ဦးထွန်းသန့်ကျော်က ပြောသည်။
"သူကထောင်လည်းကျဖူးတယ်။ ကိုယ့်ဒေသ တိုးတက်ရာတိုးတက်ကြောင်း ဆိုရင်လည်း မမှန်တာကို လူမှုကွန်ယက်ပေါ်မှာ ဝေဖန်တိုက်ခိုက်တယ်။ NLDအစိုးရလက်ထက် မှာဆိုရင်လည်း ရဲရဲဝံ့ဝံ့ ထောက်ပြခဲ့တယ်။ပွင့်ပွင့် လင်းလင်းပြောရရင် သူ့ကိုအစိုးရအဖွဲ့တွေ၊ လွှတ်တော် အမတ်တွေတောင် ကြောက်ရတယ်။ သူသေဆုံးသွားတဲ့အတွက် သံတွဲဒေသမှာဆုံးရှုံးမှုတွေ အများကြီးဖြစ်သွားပါတယ်" ဟုပြောသည်။
ကိုမြင့်မိုးမှာ AA နှင့် ဆက်စပ်သည်ဟုဆိုကာNLD အစိုးရ လက်ထက် ကတည်းကနေ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀၅၊ ၁၂၄ နှင့် အီလက်ထရွန်နစ်ဥပဒေတို့ဖြင့် အမှုဖွင့်ထားခြင်း ခံထားရသူတစ်ဦးဖြစ်ပြီး သံတွဲမှ မှော်ဘီသို့ ပြောင်းရွှေ့ကာ ရှောင်တိမ်းနေထိုင်ခဲ့ရသူ တစ်ဦးလည်း ဖြစ်သည်။
ကိုမြင့်မိုးသည် ဆောင်းပါးများ၊ ကဗျာအများအပြားကိုရေးသားခဲ့ပြီး သူ၏ ထောင်တွင်းအတွေ့အကြုံကို လည်း "ထောင်တွင်းအတွေ့အကြုံများနှင့် သံတွဲပဋိ ပက္ခတစေ့တစောင်း" အမည်ဖြင့် စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။
၂၀၁၂ ခုနှစ်က ဦးသိန်းစိန် အစိုးရလက်ထက်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း ဖမ်းဆီးခံခဲ့ရသည်။ သို့သော်လည်း အမှုရင်ဆိုင်နေစဥ်ကာလတွင် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်သည်။ NLD အစိုးရလက်ထက်တွင်လည်း တရားစွဲဆိုခံခဲ့ရပြီး မှော်ဘီတွင် ရှောင်တိမ်းနေစဉ် ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။(NN-11)
( ဓာတ်ပုံများကို မူရင်းပိုင်ရှင်များကို credit ပေးပါသည်။)

ဆက်စပ် သတင်းများ