တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်တွင် လူမှုရေးတက်ကြွလှုပ်ရှားခဲ့သည့်စစ်ဘေးရှောင်တစ်ဦး အာရုံကြောပေါက်၍ ကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 10k

နိရ ဉ္စရာ၊ မေ ၂၅/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာဇာတိဖြစ်သည့် လူမှုရေးတက်ကြွလုှပ်ရှားသူ စစ်ဘေးရှောင်အမျိုးသား ဦးဦးထွန်းသိန်း(၆၅ နှစ်) သည် ယနေ့နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း သိရသည်။
ဦးဦးထွန်းသိန်းမှာ ယမန်နေ့ မေလ ၂၄ ရက် နေ့လယ်ပိုင်းက မဟာမုနိစစ်ဘေးရှောင်စခန်းသို့ ကူညီရေးလုပ်ငန်းများဆောင်ရွက်ရန်သွား၍အပြန်တွင် လေဖြတ်ချင်သကဲ့သို့ဖြစ်ရာမှ ကျောက်တော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ယနေ့ မေလ ၂၅ ရက် နံနက် ၇ နာရီခန့်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း တင်းမဆရာတော် အရှင်ဝါယာမိန္ဒက နိရ ဉ္စရာသို့ မိန့်ကြားသည်။
"သူကလေဖြတ်ချင်သလိုဖြစ်သွားတယ်။ သွေးတိုးလည်း ရှိတယ်။ ဆေးရုံရောက်တာနဲ့ ဆေးရုံမှာတစ်ညလောက်နေပြီးတော့မှ ဒီနေ့မနက် ၇ နာရီလောက်မှာ သေဆုံးသွားတာလေ" ဟု မိန့်ကြားသည်။
ဦးဦးထွန်းသိန်းသည် ရခိုင်တိုက်ပွဲကာလအတွင်း ဒေသခံများနှင့်အတူ အမှန်တရားဘက်မှ ရပ်တည်ကာ လူမှုရေးလှုပ်ရှားခဲ့သူဖြစ်သဖြင့် ၎င်းသေဆုံးမှုသည် အလွန်တရာဆုံးရှုံးနစ်နာစရာဖြစ်ကြောင်း တင်းမဆရာတော်က ဆက်လက်မိန့်ကြားသည်။
"ဆုံးရှုံးနစ်နာမှုက အရမ်းများတယ်။ ပြိုင်းတိုင်း၊ မုန့်သန်းပြင်တို့မှာရော အားလုံးမှာ ၂၀၁၈၊ ၁၉ ခုနှစ်က တပ်မတော်နဲ့အစိုးရကို အမှန်တရားဘက်ကနေ လုပ်နေခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်၊ သူရဲကောင်းဆိုရင်လည်း ရတယ်။ မတရားခံရတဲ့အမှုတွေကိုဆိုရင်လည်း သူကလိုက်ပြီးကူညီပေးတယ်" ဟုမိန့်ကြားသည်။
ဦးဦးထွန်းသိန်းအား လာမည့်မေလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျောက်တော်သုသာန်၌ သင်္ဂြိုလ်သွားမည်ဖြစ်ပြီး လက်ရှိတွင် ရုပ်အလောင်းအား ၎င်း၏မိသားစုများနေထိုင်သည့် ကျောက်တော်ရှိ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းတွင် ထားရှိထားကြောင်း သိရသည်။
ဦးဦးထွန်းသိန်းသည် ကျောက်တော်မြို့နယ်၊ မှန်ကျောင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်၍ စစ်ဘေးရှောင်အရေး၊ လူမှုရေးများတက်ကြွလှုပ်ရှားခဲ့သူဖြစ်သဖြင့် ၎င်း၏သေဆုံးမှုကို လူမှုရေးလုပ်ဖော်ကိုင်ဖက်များက ဝမ်းနည်းပူဆွေးလျက်ရှိနေကြောင်း သိရသည်။
(NN-8)
ဓာတ်ပုံ - Kyaw Hla Mrint

ဆက်စပ် သတင်းများ