တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် မူဆလင်အလောင်း ၃လောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 9.4k

နိရဉ္စရာ၊ မေ ၂၅/၂၀၂၂
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မေလ ၂၄ ရက်နေ့က မူဆလင်အလောင်း ၃ လောင်းကိုတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။
သေဆုံးနေသူသုံးဦးအလောင်းထဲတွင် အမျိုးသား၁ဦးနှင့် အမျိုးသမီး ၂ဦးတို့ ပါဝင်သည်ဟုသိရသည်။
၎င်းအလောင်းများကို ဂွမြို့နယ်၊ တောင်ပေါက်ကျေးရွာအုပ်စု၊ တာလောင်ကြီး ကျေးရွာ၏ ကမ်းခြေတွင် ယမန်နေ့ မေလ ၂၄ရက် ညနေ ၅နာရီ ကျော် အချိန်ခန့်တွင်တွေ့ရှိခဲ့သည်ဟု ဂွဒေသခံ ကိုဆန်းလွင်က ပြောသည်။
“ အလောင်းတွေကို ဂွမြို့နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ပါပြီ။ အလောင်းတွေကို ဂွရဲတပ်ဖွဲ့က ထော်လာဂျီတစ်စီးနဲ့ ဆေးရုံကိုယူသွားတယ် "ဟု ၎င်းက ပြောသည်။
ယခု အလောင်း ၃ လောင်းမှာ မေလ ၂၁ ရက်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံ ကမ်းခြေတွင်တွေ့ရှိခဲ့သည့် မူဆလင်အလောင်း ၁၇ လောင်းနှင့် အတူ လှေနစ်မြုပ်ရာတွင် ပါသွားသူများ ဖြစ်နိုင်သည်ဟု ၎င်းကပြောသည်။
အဆိုပါအလောင်းများတွေ့ရှိကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိလိုသဖြင့် ဂွမြို့မရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။
အဆိုပါမူဆလင်များမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်များကဖြစ်ကြပြီး ရန်ကုန်ကနေတစ်ဆင့် မလေးရှားသို့ထွက်ရန် စုဝေးခရီးထွက်လာချိန် မုန်တိုင်းမိပြီး စက်လှေတိမ်းမှောက်ခဲ့ကြ ခြင်း ဖြစ်သည်ဟု စကစ ပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောဆိုထားသည်။
စက်လှေတိမ်းမှောက်မှုမှာ အသက်ရှင်ကျန်ခဲ့သူ ၃၀နီးပါးကို မြို့နယ်ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ၎င်းတို့မှာ အသက် ၁၄နှစ်ကနေ အသက်ကြီးဆုံး ၄၀နှစ် ဝန်းကျင်အထိရှိကြသည်ဟု အမည်မဖော်လိုသည့် ရွှေသောင်ယံမြိုခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောဆိုထားသည်။ (NN-11)

ဆက်စပ် သတင်းများ