တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင်နှစ်ရက်အတွင်း ရေနစ်သေဆုံးသူအလောင်း ၁၂လောင်းတွေ့ရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 623

နိရဉ္စရာ၊ မေ ၂၆/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မကျည်းငူကျေးရွာ အုပ်စုနှင့် တောင်ပေါက်ကျေးရွာ အုပ်စုတို့တွင် မေ ၂၄ ရက်နှင့် ၂၅ ရက် နှစ်ရက်တာအတွင်း ရေနစ်၍ သေဆုံးသွားသည့် မူဆလင် အလောင်း ၁၂လောင်း တွေ့ရှိခဲ့သည်ဟု ဂွမြို့နယ် ရဲတပ်ဖွဲ့က အတည်ပြုပြောဆိုသည်။
မေလ ၂၄ရက်နေ့တွင် တောင်ပေါက်ကျေးရွာ အုပ်စု၊တာလောင်ကြီးကျေးရွာ၏ ကမ်းခြေတွင် အလောင်း ၃လောင်း နှင့် မကျည်းငူအုပ်စု၊ ချမ်းသာကျေးရွာ အနီးတွင် ၁လောင်းတွေ့ရှိခဲ့ပြီး ယမန်နေ့ မေလ ၂၅ရက်နေ့တွင် မကျည်း ငူအုပ်စု၊ ချမ်းသာကျေးရွာအနီးတွင် ၈လောင်းတွေ့ရှိခဲ့သဖြင့် စုစုပေါင်း ၁၂ လောင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဂွမြို့မရဲစခန်းမှ အရာရှိတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
"၂၄ရက်နေ့ကတော့ ၄လောင်းတွေ့တယ်။ ၂၅ရက်နေ့က ၈လောင်းတွေ့တယ်။ အခုတော့ အလောင်းတွေကို သၚ်္ဂြိုလ်လိုက်ပါပြီ။ သူတို့ကဧရာဝတီတိုင်းမှာ စက်လှေမှောက်သွားတဲ့ အထဲကလူတွေဖြစ်နိုင်တယ်"ဟုပြောသည်။
ယခုတွေ့ရှိရသည့်အလောင်းများမှာ မေလ ၂၁ ရက်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံ ကမ်းခြေတွင်တွေ့ရှိခဲ့သည့် မူဆလင်အလောင်း ၁၇ လောင်းနှင့် အတူ လှေနစ်မြုပ်ရာတွင် ပါသွားသူများ ဖြစ်နိုင်သည်ဟု အထက်ပါရဲအရာရှိကပြောသည်။
မကျည်းငူကျေးရွာမှ ကိုဆန်းလွင်က" ဒေသခံတွေ တွေ့လို့အကြောင်းကြားမှ ရဲတွေက အလောင်းတွေကို လာယူကြတာ။ ရှာဖွေကယ်ဆယ်ရေးတော့ သူတို့မလုပ်ကြပါဘူး"ဟု ပြောသည်။
လက်ရှိအချိန်ထိ ဧရာ၀တီတိုင်း ရွှေသောင်ယံကမ်းခြေတွင် ၁၇ လောင်း၊ ရခိုင်က ဂွမြို့နယ်တွင် ၁၂ လောင်း စုစုပေါင်း ၂၉ လောင်း တွေ့ရှိထားပြီ ဖြစ်သည်။
၎င်းတို့သည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်များကဖြစ်ကြပြီး ရန်ကုန်ကနေတစ်ဆင့် မလေးရှား သို့ထွက်ရန် စက်လှေကြီး တစ်စီးဖြင့် စုဝေးခရီးထွက်လာချိန် မုန်တိုင်းမိပြီး စက်လှေတိမ်းမှောက်ခဲ့ကြ ခြင်း ဖြစ်သည်ဟု စကစ ပြောခွင့် ရသူဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောဆိုထားသည်။
စက်လှေတိမ်းမှောက်မှုမှာ အသက်ရှင်ကျန်ခဲ့သူ ၃၀နီးပါးကို မြို့နယ်ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ၎င်းတို့မှာ အသက် ၁၄နှစ်ကနေ အသက်ကြီးဆုံး ၄၀နှစ် ဝန်းကျင်အထိရှိကြသည်ဟု အမည် မဖော်လိုသည့် ရွှေသောင်ယံမြိုခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောဆိုထားသည်။ (NN-11)
(ဓာတ်ပုံ- သေဆုံးနေသည့် အလောင်းများကိုတွေ့ရစဉ်။ မူရင်း ဖေ့စ်ဘုတ်အား Credit ပေးပါသည်။)

ဆက်စပ် သတင်းများ