တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ်အတွင်းနေရာအချို့ကို စစ်တပ်ကလက်နက်ကြီးများဖြင့် ညနေပိုင်းအထိ အဆက်မပြတ်ပစ်ခတ်နေဆဲဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.4k

နိရဉ္စရာ၊ မေ ၂၆/၂၀၂၂
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တွင်ရှိသည့် ခမရ ၂၈၉ အပါအဝင် စစ်ကောင်စီ တပ်စခန်းများက ရက္ခိုင့်တပ်တော်(AA) ရှိနေသည်ဟု ထင်ရသည့်နေရာများကို ယနေ့မေလ ၂၆ ရက် နံနက် ()၁၀ နာရီခန့်ကနေ ညနေ (၄) နာရီ ကျော်သည် အထိ လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်နေဆဲဟု ဒေသခံများက ပြောသည်။
ပလက်ဝမြို့နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သားကျေးရွာအနီးတွင် နံနက် ၁၀နာရီအချိန်ခန့်က ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့အကြား ၁နာရီ နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုမရှိတော့သော်လည်း မြန်မာစစ်တပ် ခမရ ၂၈၉ တပ်ရင်းအပါအဝင် မီးလက်ဝတောင်တန်း၊ ရုပ်ဝတောင်တန်းတို့၌ စခန်း ချထားသည့် စစ်ကောင်စီတပ်စခန်းများက ယနေ့ ညနေ ၄နာရီကျော်အချိန်ထိ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေဆဲဖြစ်သည်ဟု ပလက်ဝ မြို့ခံ တစ်ဦးက ပြောသည်။
"လက်နက်ကြီးတွေဆက်တိုက်ပစ်နေတာ နားထောင်မခံနိုင်တော့ဘူး။ တိုက်ပွဲ ဖြစ်တာက မနက်ကတည်း ဖြစ် ခဲ့တာ။ ဒါပေမဲ့ စစ်တပ်စန်းရှိတဲ့ နေရာ အကုန်လုံးကနေ လက်နက်ကြီးတွေက ပစ်ခတ်နေတုန်းပဲ။ AAတွေ ရှိနိုင်တယ်လို့ထင်တဲ့နေရာတွေကို လိုက်ပစ်နေကြတာ။ ဘယ်အချိန် ပစ်တာရပ်မလည်းမသိတော့ဘူး"ဟုပြောသည်။
လက်ရှိတွင် စစ်ကောင်စီ တပ်ဘက်က တဖက်သတ် လက်နက်ကြီး ပစ်ခတ်နေသည်မှာ အကြိမ်ရေ ၈၀ ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း၊ယခုလို လက်နက်ကြီးပစ်ခတ်နေသဖြင့် အဘောင်သားကျေးရွာများနှင့် တစ်ခြား ကျေးရွာ တစ်ချို့က တောင်ယာလုပ်ငန်းလုပ်ကိုင်နေကြသူများမှာ လက်နက်ကြီးထိမှန်မည်ကို ကြောက်ရွံ့စိုးရိမ်နေကြ သည်ဟု နောက်ထပ် ဒေသခံတစ်ဦးကပြောသည်။
" အခုထိ ပစ်နေတာလက်နက်ကြီးအလုံးရေ ၈၀ ကျော် လောက် ရှိနေပြီ။ ရွာအနီးအနားက တောင် ယာသမားတွေ တော်တော်လည်းကြောက်လန့် နေကြတယ်လို့သိရတယ်။ တချို့ဆိုရင် အိမ်တောင် ပြန်မရောက် လာသေးဘူးလို့ သိရတယ်"ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိသေးပါ။ (NN-11)

ဆက်စပ် သတင်းများ