စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ကျောက်တော်တွင် အသက်ရှူကျပ်သည့်လက္ခာဏာဖြင့် မြိုလူမျိုးမိသားစုဝင် ၆ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.3k

နိရဉ္စရာ၊ နိုဝင်ဘာ ၂၈/၂၀၂၂

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ သက်ထင်ကျေးရွာမှ မြိုတိုင်းရင်းသား မိသားစုဝင် ၆ ဦးသည် အော့အန်ပြီး အသက်ရှူကျပ်သည့်လက္ခာဏာများဖြင့် တစ်ဦးပြီးတစ်ဦး ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

 

သေဆုံးသွားသူများမှာ သက်ထင်ကျေးရွာနေ ဦးသောကြာအောင် (၅၄)နှစ်၊ဇနီးသည် ဒေါ်ခိုင်သန်းနု (၅၄) နှစ်၊ သမီးကြီးမစန္ဒာဝင်း (၂၇) နှစ်၊ သမီးလတ် မစိုးသန်း(၂၃) နှစ်၊ သားငယ် မောင်ကျော်ငြိမ်းထွန်း (၁၃) နှစ်နှင့် ဒေါ်အောင်မ (၆၈) နှစ် တို့ဖြစ်ကြသည်။

 

၎င်းတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက် ညနေက သက်ထင်ရွာ အနီးက အခြားရွာတစ်ရွာမှ ပြောင်းဖူးဝယ်ကာ စားပြီးသည့်နောက်တွင် ညနေပိုင်းတွင် မိသားစုဝင်များ အသက်ရှူကျပ်လာ၍ ကျောက်တော်ဆေးရုံသို့သွားရာလမ်းတွင်ရှိသည့်  ဝဲကြီးထောင့်တိုက်နယ်ဆေးရုံ၌ ခေတ္တကုသခဲ့စဉ်  ည ၁၁ နာရီခန့်တွင် သမီးကြီးဖြစ်သူ မစန္ဒာဝင်းသည် ဝဲကြီးထောင့်ဆေးရုံ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ထို့နောက်တွင် အခြားကျန်ရှိသူများကို ကျောက်တော်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက် ယင်းဆေးရုံ၌ အောက်ဆီဂျင်ပေးကာ ကုသမှုများပြုလုပ်ခဲ့သော်လည်း နောက်ထပ် ၃ ဦးဖြစ်ကြသည့် ဒေါ်ခိုင်သန်းနု၊ မစိုးသန်းနှင့် မောင်ကျော်ငြိမ်းထွန်းတို့မှာ  တစ်ယောက် နာရီဝက်စီခြားကာ သေဆုံးသွားခဲ့သည်ဟု ၎င်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

နောက်ထပ် ကျန်နေခဲ့သူ  နှစ်ဦးဖြစ်ကြသည့် ဒေါ်အောင်မမှာ ယမန်နေ့နိုဝင်ဘာလ ၂၇ ရက် ည ၁၂ နာရီကျော်ခန့်တွင် သေဆုံးသွားပြီး ဦးသောကြာအောင်မှာ ယနေ့နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၆ နာရီခန့်တွင် သေဆုံးသွားပြီဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

 

၎င်းတို့နှင့်နီးစပ်သူတစ်ဦးက "အခုအချိန်မှာတော့ ရဲနဲ့ဆရာဝန်တွေက စစ်ဆေးနေကြပါတယ်။ ဘာကြောင့်ဖြစ်သွားရလဲဆိုတာမသိရသေးပါဘူး။ မိသားစုဝင်အားလုံးကတော့ သေဆုံးသွားပါပြီ" ဟုပြောသည်။

 

၎င်းပြင်  အိမ်၌မွေးစားထားသည့် အိမ်မွေးခွေးတစ်ကောင်မှာလည်း သေဆုံးသွားကြောင်းသိရသည်။

 

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် ထွေအုပ်နှင့် ဆေးရုံသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိ၍ သေဆုံးရခြင်းအကြောင်းအရင်းကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ