စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ပလက်ဝမြို့ပေါ်ရပ်ကွက် ၁ ခုကို စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 714

နိရဉ္စရာ၊ မေ /၂၀၂၃

ချင်းပြည်နယ်၊ ပလက်ဝမြို့ မြို့ပေါ်ရပ်ကွက် ၁ ခုကို စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်ကစပြီး  ညမထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

၎င်းရပ်ကွက်မှာ ပလက်ဝမြို့ပေါ်မှ ပလုတ်တောင်ရပ်ကွက်ဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်းကို မသိရကြောင်း ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

 

"ဒီလိုထုတ်ထားတာက ဝေဖန်စရာဖြစ်နေပါတယ်။ အဲဒီရပ်ကွက်တစ်ခုတည်းကိုပေါ့နော်။ ဘာပြဿနာအကြောင်းအရင်းမှလည်း ဖြစ်တာမကြားဘဲနဲ့ ညမထွက်ရအမိန့်ထုတ်ထားတာပါ။ ဒါကြောင့် ပြည်သူတွေကလည်း မဆီမဆိုင်အဖမ်းဆီးခံရမှာကို စိုးရိမ်နေကြပါတယ်" ဟုပြောသည်။

 

အဆိုပါ ပလုတ်တောင်ရပ်ကွက်ကို ညနေ ၇ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့အမိန့်ထုတ်ပြန်ပြီးနောက်တွင် ပလုတ်တောင်ရပ်ကွက်ရှိ ရပ်တော်မူဘုရား တောင်ပေါ်တွင် တပ်စွဲလျက်ရှိသည့် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက  ကုလားတန် မြစ်ံဘေးမှ စက်လှေများကိုလည်း စောင့်ကြည့်မှုများရှိနေကြောင်း သိရသည်။

ပလက်ဝမြို့တွင် ပြီးခဲ့သည့်တိုက်ပွဲကာလများက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်မှုများရှိခဲ့သော်လည်း လက်ရှိတိုက်ပွဲများယာယီရပ်နားနေချိန်တွင် ညမထွက်ရအမိန့်ကို ပြန်လည်ပယ်ဖျက်ထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိပလက်ဝမြို့ပေါ်တွင် ပလုတ်တောင်ရပ်ကွက်တစ်ခုတည်းကိုသာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသဖြင့် ဒေသခံပြည်သူများအကြား ဝေဖန်မှုများရှိနေကြောင်း ဒေသခံများကပြောသည်။ (NN-8)

ဆက်စပ် သတင်းများ