သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် မရမာကြီး ၄ ဦးနှင့် ရခိုင်လူမျိုး ၃၀ ခန့် ထပ်မံဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 419

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက လမ်းသွားလမ်းလာများအား အကြောင်းမဲ့ ဖမ်းဆီးမှုများကို ပြုလုပ်နေရာ ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင်လည်း ရခိုင်မျိုးနွယ်စုဝင် မရမာကြီး ၄ ဦးနှင့် ရခိုင်လူမျိုး ၃၀ ခန့် ထပ်မံ ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

ယနေ့ စက်တင်ဘာ ၁၉ ရက်၊ နေ့လယ် ၂ နာရီခန့်က စစ်တွေမြို့၊ အိုးတန်းရပ်ကွက် ကမ်းနားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများနှင့် သူတို့၏ ဖုန်းများကိုစစ်ဆေးစဥ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အိုးတန်းရပ်ကွက် ဈေးတန်းထဲ အလုပ်လုပ်နေသည့် မရမာကြီးလူမျိုး ၄ ဦးနှင့် လမ်းသွားလမ်းလာအပါအဝင် အလုပ်လုပ်ကိုင်နေသူ ရခိုင်လူမျိုး ၃၀ ခန့်ပါဝင်ပြီး စစ်ကောင်စီတပ်က စစ်ကားဖြင့်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"စစ်ဆေးနေရင်းနဲ့ သူတို့မသင်္ကာတဲ့သူတွေ၊ စားဝတ် နေရေးအတွက် အလုပ်လုပ်နေတဲ့ သူတွေရော၊ လမ်းမှာ ဈေးသွားဈေးဝယ်လုပ်နေတဲ့သူကိုရော ဖမ်းပြီး ကားပေါ်တင်သွားတယ်။ လက်ရှိရဲစခန်းမှာလား၊ စစ်တပ်မှာလား မသိရသေးဘူး"ဟု ပြောသည်။

ဖမ်းဆီးခံရသူများ၏ နေရပ်နှင့်အမည်ကို နိရဉ္စရာက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယင်းအပြင် ယနေ့နေ့လယ်က အိုးတန်းရပ်ကွက်မှ ဒေသခံများကိုလည်း စစ်ကောင်စီတပ်က ကမ်းနားလမ်းသို့ ခေါ်ယူ စစ်ဆေးခဲ့သည်ဟု စစ်တွေဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

"အိုးတန်းရပ်ကွက်က လူတွေကို ကမ်းနားလမ်းမှာခေါ်ပြီး စစ်သားနဲ့ရဲတွေက စစ်တာ။ လမ်းသွားလမ်းလာတွေကိုလည်း ခေါ်ပြီး ဖုန်းတွေကို စစ်တယ်။ စစ်တွေကလူတွေ အခု အပြင်မထွက်ရဲကြတော့ဘူး"ဟုပြောသည်။

ယခုကဲ့သို့ စစ်ဆေးဖမ်းဆီမှုများပြုလုပ်နေခြင်းနှင့် ပတ်သတ်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း AA တပ်ဖွဲ့ဝင်များ စစ်တွေမြို့ထဲ ဝင်ရောက်နေသည်ဟု ယူဆကာ လိုက်လံ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ အမည်မဖော်လိုသူ နိုင်ငံရေး သမားတစ်ဦးက ပြောသည်။

“ စစ်တွေမြို့ထဲမှာ အခုတလော စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုတွေ များလာတယ်။ ဘာမှ အပြစ်လုပ်တာမရှိဘဲနဲ့လည်း အဖမ်းခံရတယ်။ အဖမ်းခံရရင် ပထမဆုံးအနေနဲ့  အေအေနဲ့ ဆက်စပ်မှု ရှိ မရှိ ရိုက်နှက်စစ်ဆေးခံရတယ်။ ဒုတိယ သူတို့ လွတ်မြောက်လာရေးအတွက် ပိုက်ဆံပေးရတယ်။ တတိယအချက်ကတော့ လွတ်လာတဲ့သူတွေအများစုက နှိပ်စက်ခံထားကြရတော့ ဆေးကုပေးရတယ်။ အခု စစ်တွေက လူတွေ ပုံစံမျိုးစုံနဲ့ ဒုက္ခ ရောက်နေ ကြရတယ်။ လူတွေကို ကျရင်လည်း မြို့ပေါ်ကနေ ပြင်ပထွက်ခွင့်ကို ပိတ်ထားတယ်။ မြို့ထဲမှာ ကျန်ရှိနေတဲ့ လူတွေကိုလည်း ဖမ်းဆီးရိုက်နှက် ငွေညှစ်တာတွေကို စစ်တပ်က ပြုလုပ်နေတယ်။”  

ယခုကဲ့သို့ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးမှုများကို စက်တင်ဘာ လဆန်းပိုင်းက စတင်ပြီး ပိုမိုပြုလုပ်လာသည်ဟု ဒေသခံများက ပြောဆိုသည်။

စက်တင်ဘာ ၁၃ ရက်၊ ညနေ ၃ နာရီခန့်ကလည်း  စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကား ၇ စီးဖြင့် စစ်တွေရှိ ရွှေပြား၊ မိဇံ၊ တရားသီးစုရပ်ကွက်တို့အပါအဝင် စစ်တွေမြို့ စာတိုက်အနီးရှိ သူနာပြုအိမ်ရာအနီးမှနေ၍ မိဇံကမ်းနားလမ်းတောက်လျှောက်မှ လူဦးရေ ၇၀ ကျော်ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့သည်။

ယင်းအထဲမှ အမျိုးသမီးများနှင့် ကျောင်းသားများအပါအဝင် ၂၀ ကျော်ခန့်ကို ပြန်လည် လွတ်ပေးခဲ့သော်လည်း အများစုကို ဆက်လက်ဖမ်းဆီးထားပြီး ရိုက်နှက် ညှဉ်းပမ်း စစ်ဆေးမှုများရှိနေသည်ဟု သိရသည်။  

ဖမ်းဆီးခံထားရသူများအား ထမင်းနှင့်ရေ ဖြတ်တောက်ခြင်း၊ တုတ်ချောင်းများဖြင့် ခြေသလုံးများကို ရိုက်နှက်ခြင်း၊ မျက်နာများကို လက်သီးဖြင့် ထိုးခြင်း၊ မျက်နှာဖုံးများစွပ်ကာ ရေသွန်ခြင်းစသည့် နည်းမျိုးစုံဖြင့် ညှဉ်းပမ်းနှိပ်စက်ကာ စစ်ဆေးမှုများ ပြုလုပ်ကြောင်း လွတ်လာသူများက ပြောကြားသည်။

စစ်ကောင်စီမှ  နေ့စဉ်ရက်ဆက်ဖမ်းဆီးမှုပြုနေသဖြင့် စစ်တွေမြို့၏ အခြေအနေမှာ လွန်စွာ စိုးရိမ်စရာကောင်းနေကြောင်း ဒေသခံများက ပြောကြားသည်။

စက်တင်ဘာလ ၁၆ ရက်ကလည်း အုန်းတပင်ရပ်ကွက်အနီး GE ဆိပ်ကမ်းတွင် ကုန်တင်စက်လှေတစ်စီးနှင့် စက်လှေသမား ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၅ ရက်မှစတင်ပြီး အင်အားအများအပြားပါဝင်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာသို့ လက်နက်များကိုင်ဆောင် ရောက်ရှိ လာကြပြီး ရွာသားများကို ရွာမှနှင်ထုတ်ကာ မြို့ထဲတွင်နေရန် အတင်းအဓ္မစေခိုင်းခဲ့သဖြင့် ရွာသားများမှာ ဒုက္ခရောက်နေကြကြောင်း သိရသည်။

ယခုဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီပြည်နယ်ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်း၊ စစ်တွေမြို့နယ်ရဲစခန်းနှင့် မြို့မရဲစခန်းများသို့ ဆပက်သွယ်ရာတွင်လည်း တစ်စုံတစ်ရာ ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါ။

ဓာတ်ပုံ - စစ်တွေမြို့တွင်းတစ်နေရာအား ၂၀၂၄ ခုနှစ် အစောပိုင်းက တွေ့ရစဉ်

ဆက်စပ် သတင်းများ