သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြန်မာစစ်ကောင်စီအား ရုရှားကထောက်ခံအားပေးနေမှု အရှေ့တောင်အာရှကို မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေဟုအမေရိကန်ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.1k

စစ်အခြေစိုက်စခန်းတစ်ခု ရုရှားကထူထောင်လာနိုင်သည်အထိ ပိုမိုနီးကပ်လာသော စစ်ကောင်စီနှင့် ရုရှားဆက်ဆံရေးကို အမေရိကန်က စိုးရိမ်မကင်းဖြစ်နေ

 နိရဉ္စရာ၊ မတ် ၂၄/၂၀၂၃

မြန်မာစစ်ကောင်စီအား ရုရှားက ထောက်ခံအားပေးနေခြင်းမှာ လက်ခံနိုင်ဖွယ်မရှိသလို မတည်မငြိမ် ဖြစ်အောင် ဖန်တီးနေခြင်း ဖြစ်ကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

ရုရှားသည် မြန်မာစစ်ကောင်စီအား လက်နက်များကူညီထောက်ပံ့နေခြင်းဖြင့် ဘေးအန္တရာယ် ကျရောက်နေသော နိုင်ငံတစ်ခုကို မီးမွှေးပေးနေသည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ပိုမိုကျယ်ပြန့်လာနေသော အကျပ်အတည်းနှင့် စစ်အခြေစိုက်စခန်းတစ်ခု ရုရှားကထူထောင်လာနိုင်သည်အထိ ပိုမိုနီးကပ်လာသော စစ်ကောင်စီနှင့် ရုရှားဆက်ဆံရေးကို အမေရိကန်က စိုးရိမ်မကင်း ဖြစ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ဒဲရက် ချိုလက်က ရိုက်တာသို့ ပြောကြားခဲ့သည်။

မော်စကိုနဲ့တွေ့ဆုံစကားပြောတဲ့သူတိုင်းက မြန်မာစစ်ကောင်စီကို စစ်လက်နက်ထောက်ပံ့နေတာကို လက်မခံနိုင်တဲ့အကြောင်း ပြောဖို့လိုတယ်။ ဒါဟာ မတည်မငြိမ်ဖြစ်အောင်လုပ်တာပဲဟု ဒဲရက်က အရှေ့တောင်အာရှခရီးစဉ် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ဒါဟာ မြန်မာပြဿနာ သက်သက်မဟုတ်တော့ဘူး၊ ဒေသတွင်း ပြဿနာ ဖြစ်လာပြီဟု သူက ဆိုသည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွါထွက်ပြေးနေသူပေါင်း ၁ ဒဿမ ၂ သန်းရှိသွားပြီဟု သိရသည်။

ကုလသမဂ္ဂ ကျွမ်းကျင်သူများနှင့် တက်ကြွလှုပ်ရှားသူများက မြန်မာအရပ်သားများအား စနစ်တကျ နှိပ်ကွပ်သုတ်သင်နေသော မြန်မာစစ်ကောင်စီကို စစ်လက်နက်ထောက်ပံ့နေသည့် ရုရှားနှင့် တရုတ်ကို ဝေဖန်ပြစ်တင်နေကြသည်။

လွန်ခဲ့တဲ့နှစ်တွေအတွင် ရုရှားနဲ့ စစ်ဘက်ဆက်ဆံရေး ပိုမိုတိုးပွါးလာနေတာကို ကျွန်တော်မြင်ရတယ်။ ခုလို ရုရှားက မြန်မာကို စစ်လက်နက်ထောက်ပံ့နေမှုဟာ ကျွန်တော်တို့နဲ့ တိုက်ရိုက် သက်ဆိုင်လာနေတယ်ဟု ဒဲရက် ချိုလက်က ဆိုသည်။

ရုရှားနိုင်ငံသည် အာဏာသိမ်းပြီးနောက်ပိုင်း အနောပ်အုပ်စု၏ ပိတ်ဆို့အရေးယူမှုကြောင့် မြန်မာ၏ အဓိက မဟာမိတ်ဖြစ်လာခဲ့သည်။ ဒဲရက်ချိုလက်က အမေရိကန်အစိုးရသည် မြန်မာနိုင်ငံ၌ ဖြစ်နေသော အကျပ်အတည်းသည် အရှေ့တောင်အာရှကို အလွန်စိုးရိမ်ဖွယ်ရာ ခြောက်လှန့်နေသည်ဟု မြင်ကြောင်း ပြောကြားခဲ့သည်။

 

 NN-27

ref:CAN

ဆက်စပ် သတင်းများ