- Web Master
- ၁၆ စက်တင်ဘာ ၂၀၂၄
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းပျံသန်းရန် စစ်ကောင်စီက ဆွေးနွေးနေကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ကုန်သည်/စက်မှုအသင်းချုပ် (FBCCI) ဥက္ကဋ္ဌနှင့် တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ စစ်ကောင်စီ မြန်မာသံအမတ် ဦးအောင်ကျော်မိုးက ဘင်္ဂလားဒေ့ရှ်နှင့် တိုက်ရိုက်လေကြောင်း ပျံသန်းနိုင်ရေးကိစ္စကို ဆွေးနွေးခဲ့သည်ဟု သိရသည်။
တိုက်ရိုက် လေကြောင်းပျံသန်းရေး မိတ်ဆက်ဖို့ မြန်မာဘက်က စိတ်ဝင်စားမှုရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးက ပြောကြားကြောင်း သတင်းများတွင် ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု တိုးတက်လာရန် မျှော်မှန်းထားပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆက်ဆံရေးကို ခိုင်မာစေရေး အလေးပေး ဆောင်ရွက်နေကြောင်း FBCCI ဥက္ကဋ္ဌ မဟ်ဘူဘွတ်လ် အလမ်က ပြောကြားသည်။
နှစ်နိုင်ငံစလုံးမှာ အလားအလာရှိသည့် ကဏ္ဍများစွာ ရှိနေသော်လည်း အဆိုပါ အခွင့်အလမ်းများကို မှန်ကန်စွာ အသုံးချရန် မဖြစ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။
မွတ်ဆလင် ဒုက္ခသည် အရေး အပါအဝင် နှစ်နိုင်ငံကြားမှာ ဖြစ်ပေါ်နေဆဲ အခက်အခဲများကို ဖြေရှင်းနိုင်မှ နှစ်နိုင်ငံစလုံးက စီးပွားရေးအရ အကျိုးရှိနိုင်မည်ဟု မဟ်ဘူဘွတ်လ် အလမ်က ထောက်ပြပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ်သည် အသင့်ဝတ် အထည်၊ ဆေးဝါး၊ ကြွေထည်၊ ဂုန်လျှော်၊ သားရေထုတ်ကုန် စသည့် ကုန်ပစ္စည်းများက ကမ္ဘာ့ဈေးကွက်မှာ နာမည်ကောင်းရထားသဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း တင်သွင်းနိုင်ကြောင်း မဟ်ဘူဘွတ်လ် အလမ်က ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံကနေ စိုက်ပျိုးထွက်ရှိသည့် ဆန်၊ ကြက်သွန်၊ ဟင်းခတ်အမွှေးအကြိုင် စသည့် ကုန်ပစ္စည်းများကိုလည်း ဘင်္ဂလားဒေ့ရှ်အနေဖြင့် တင်သွင်းနိုင်ကြောင်း ဆိုသည်။
၎င်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ဖော်ဆောင်နေသည့် အထူးစီးပွားရေးဇုန်များတွင်လည်း မြန်မာလုပ်ငန်းရှင်တွေအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်ကုန်သည်/စက်မှုအသင်းချုပ် ဥက္ကဋ္ဌက ဖိတ်ခေါ်ထားသည်ဟု သိရှိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ယခင်က ဘင်္ဂလာ ဘီမန်လေကြောင်းလိုင်းက တိုက်ရိုက်လေကြောင်းပျံသန်မှု ရှိခဲ့သော်လည်း ကိုဗစ် မတိုင်မီ အရှုံးပေါ်၍ ရပ်နားခဲ့ရသည်ဟု သိရသည်။ NN-30
Ref- BETV Business
ပုံစာ- ဒက္ကားလေဆိပ်