- Web Master
- ၁၆ စက်တင်ဘာ ၂၀၂၄
(အတိုက်အခံပါတီက သပိတ်မှောက်ထား၍ အာဏာရအဝါမီလိဂ်ပါတီကပင် အနိုင်ရရှိရန် ရေပန်းစား)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၂ ကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲကို ဇန်နဝါရီ(၇)ရက်နေ့က နိုင်ငံတစ်ဝန်းတွင် စတင်ကျင်းပသည်။နိုင်ငံတဝန်း မဲပေးကြရမည့် မဲဆန္ဒရှင်ပြည်သူမှာ ၁၁၉ ဒသမ ၆ သန်း ရှိသည်ဟု သိရှိရသည်။ မဲရုံစင်တာပေါင်း ၄၂၀၂၄ နှင့် မဲရုံပေါင်း ၂၆၁,၉၁၂ ရှိပြီး တနင်္ဂနွေနေ့ နံနက် ၈ နာရီတွင် စတင် မဲပေးခဲ့ပြီး ညနေ ၄ နာရီတွင် မဲရုံပိတ်မည်ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်နေရာ ၂၉၉ နေရာအတွက် မဲပေးကြမည်ဖြစ်သည်။
ရွေးကောက်ပွဲကို အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP) က သပိတ်မှောက်ထားသဖြင့် နိုင်ငံ၏ နေရာအတော်များများတွင် မီးရှို့မှုများ၊ သတ်ဖြတ်မှုများ စသည့် အကြမ်းဖက်မှုများ ဖြစ်ပေါ်နေသည်။
ကိုယ်စားလှယ်လောင်းတစ်ဦးသေဆုံးပြီးနောက် မဲဆန္ဒနယ်တစ်ခုတွင် မဲပေးမည်ကိုရွှေ့ဆိုင်းခဲ့သည်။
လွှတ်တော်အမတ်(၂၉၉)နေရာ အတွက် ကျင်းပသည့် ယခုရွေးကောက်ပွဲတွင် လက်ရှိအာဏာရ အဝါမီ လိဂ် နှင့် မဟာမိတ်ပါတီများကသာ စတုတ္ထအကြိမ် ဆက်လက်အနိုင်ရရှိရန် ရေပန်းစားနေပြီး အတိုက်အခံ BNP ပါတီနှင့် နောက်လိုက်များက ရွေးကောက်ပွဲနေ့တွင် အိမ်အပြင် မထွက်ရန် တိုက်တွန်းထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲအကြိုကာလတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲသည့် အတွက် ရွေးကောက်ပွဲ လာရောက်မဲပေးသူဦးရေ နည်းပါးနိုင်ပြီး ရွေးကောက်ပွဲကော်မရှင်နှင့် အဝါမီလိဂ် အစိုးရအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။
မဲရုံပေါင်း ၁၀၀၀၀ ခန့်မှာ အန္တရာယ်ရှိနိုင်သည်ဟု ယူဆရပြီး တစ်နိုင်ငံလုံးတွင် မဲရုံလုံခြုံရေးအင်အား ၈၀၀၀၀၀ ချထားသည်ဟု သိရသည်။ ရွေးကောက်ပွဲကို နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူပေါင်း ၂၀၀ ကျော် နှင့် ပြည်တွင်းအဖွဲ့အစည်း ၈၄ ခုမှ လေ့လာစောင့်ကြည့်သူပေါင်း ၂၀၇၇၃ တို့က စောင့်ကြည့်မည်ဟု သိရသည်။
အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP)သည် လက်ရှိ ရွေးကောက်ပွဲအား ကြားဖြတ်အစိုးရအောက်တွင် ပြုလုပ်တောင်းဆိုနေပြီး လက်ရှိအစိုးရအောက်မှ ပြုလုပ်သည့် ရွေးကောက်ပွဲကို အယုံအကြည်မရှိဟုဆိုကာ သပိတ်မှောက်ထားသည်။ NN-27
ref:dhakatribune