- Web Master
- ၁၆ စက်တင်ဘာ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါလီမန်ရွေးကောက်ပွဲများကို ဇန်နဝါရီ (၇)ရက်က ကျင်းပခဲ့ရာ လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အဝါမီလိဂ်နှင့် မဟာမိတ် ပါတီများက အမတ်နေရာ (၃၀၀) ရှိသော လွှတ်တော်တွင် အမတ်နေရာ (၂၂၃) အနိုင်ရရှိခဲ့သည်။
ထို့ကြောင့် လက်ရှိဝန်ကြီးချုပ် ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ကို နောက်ထပ် ငါးနှစ်သက်တမ်း ထပ်မံတာဝန်ထမ်းဆောင်ခွင့် ရရှိသွားခဲ့ပြီဖြစ်သည်။
အဓိကအတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)က ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း မရှိသည့်အတွက် ရှိတ်ဟာဆီနာ၏ အဝါမီလိဂ်ပါတီနှင့် မဟာမိတ်ပါတီများက လွှတ်တော် အမတ်နေရာများကိုယူနိုင်ခဲ့သည်ဟု ခန့်မှန်းကြသည်။
ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ(BNP)က ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်သည်ဟု စွပ်စွဲထားသည်။ BNP ပါတီခေါင်းဆောင်များနှင့် ထောက်ခံသူအများအပြား ဖမ်းဆီးခံရချိန်တွင် တနင်္ဂနွေနေ့ရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်လာခြင်းဖြစ်သည်
တရားဝင်ထုတ်ပြန်သောစာရင်းများအရ ရွေးကောက်ပွဲ မဲပေးသူ ဦးရေမှာ ၄၀ ရာခိုင်နှုန်းသာရှိပြီး ၂၀၁၈ ရွေးကောက်ပွဲထက် မဲပေးသူဦးရေ ထက်ဝက်နည်းပါသည်ဟု ဝေဖန်သူများက ဆိုသည်။
တစ်သီးပုဂ္ဂလ လွှတ်တော်အမတ် ၄၅ နေရာ အနိုင်ရခဲ့ပြီး ဂျတိယပါတီက ၈နေရာ အနိုင်ရခဲ့သည်။ တစ်သီးပုဂ္ဂလအမတ်အားလုံးမှာ အဝါမီ လိဂ်ပါတီမှဖြစ်သည်ဟုဆိုသည်။
ရွေးကောက်ပွဲရလဒ်များကို တနင်္လာနေ့ ညနေပိုင်းတွင် ဆက်လက်ထုတ်ပြန်မည်ဟု သိရသည်။ ဝန်ကြီးချုပ် ဟာဆီနာ၏ ယခုရွေးကောက်ပွဲ အနိုင်ရရှိမှုမှာ ပဉ္စမအကြိမ်ဖြစ်သည်။
ဟာဆီနာသည် ၁၉၉၆ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရကာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ၂၀၀၉ ခုနှစ် ရွေးကောက်ပွဲတွင် ထပ်မံရွေးကောက်တင်မြှောက်ခံရကာ ယနေ့အထိ အာဏာရရှိနေသူဖြစ်သည်။
" ဒီနိုင်ငံမှာ ဒီမိုကရေစီ ဆက်လက်ရှင်သန်နိုင်ဖို့ ကျွန်မ အကောင်းဆုံးကြိုးစားနေပါတယ်" ဟု ဟာဆီနာက မဲပေးစဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့( HRW) က ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက် အတိုက်အခံများ၏ ဆန္ဒပြပွဲများမှတစ်ဆင့် အကြမ်းဖက်မှုများဖြစ်ပေါ်လာပြီးနောက် တက်ကြွလှုပ်ရှားသူ ၁၀၀၀၀ ခန့် ဖမ်းဆီးခံထားရသည်ဟုဆိုသည်။
NN-27
ref: AFP