- Web Master
- ၂၃ မေ ၂၀၂၄
နိရဥ္စရာ၊ စက်တင်ဘာ၂၄/၂ဝ၂ဝ
မီးရှို့ခံခဲ့ရသည့် ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာအတွက် ဂျပန်နိုင်ငံရောက် ဗမာကျောင်းသူ တစ်ဦးမှ ကျပ်ငွေ ၆ သိန်းငါးသောင်းကို စက်တင်ဘာ ၂၃ ရက်နေ့က လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။
၎င်းအလှူငွေကို ဂျပန်ရောက် ရက္ခိုင်လူမျိုးများအသင်း ( Nagoya) မှ တစ်ဆင့် လှူဒါန်းခြင်း ဖြစ်ကြောင်း ၎င်းအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းကျောင်းသူမှာ ခေတ္တ ဂျပန်နိုင်ငံ၊ Kanie တွင် နေထိုင်သူ ပခုက္ကူမြို့သူ မဥမ္မာလွင်ဖြစ်ကြောင်း သိရသည်။
"ဗမာကျောင်းသူလေး တစ်ဦးကနေ ရခိုင်စစ်ဘေးအတွက်ငွေကျပ် ခြောက်သိန်းငါးသောင်း လှူဒါန်း သွားပါတယ်။ စက်တင်ဘာ သုံးရက်နေ့ ညခြောက်နာရီခန့်က အစိုးရ စစ်တပ်ရဲ့ မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ကြရတဲ့ ကျောက်တော်မြို့နယ် ဘုရားပေါင်းရွာနဲ့ တောင်ပေါက်ရွာက ဒုက္ခရောက်နေကြတဲ့ ရွာသားတွေအတွက် ရည်စူးပြီး လူသားချင်း စာနာ ထောက်ထားတဲ့အနေနဲ့ လှူဒါန်းဖြစ်ပါတယ်” ဟု ဂျပန်ရောက် ရက္ခိုင်လူမျိုးများအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အလားတူ ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာတိုင်းရင်းသားများကလည်း မီးရှို့ခံခဲ့ကြရသည့် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာအတွက် ဂျပန်ရောက် ရက္ခိုင်လူမျိုးများအသင်း ( Nagoya) မှ တစ်ဆင့် တတ်နိုင်သလောက် လှူဒါန်းနေကြသည်ဟု သတင်းရရှိသည်။
မီးရှို့မှုကြောင့် ကျောက်တော်မြို့နယ် ဘုရားပေါင်းမှ အိမ်ခြေ ၁၁ဝ နှင့် တောင်ပေါက်ရွာက အိမ်ခြေ ၆၉ ဆောင် မီးရှို့ခံခဲ့ရပြီး ဘုရားပေါင်းရွာမှ ကိုမောင်မြဝင်း(၂ဝ)နှစ် (ဘ) ဦးညိုမောင်လှနှင့် ကိုခင်မောင်သိန်း(၃၅) နှစ် (ဘ) ဦးစံထွန်းတို့လည်း အသတ်ခံခဲ့ရသည်။
၎င်းမီးရှို့မှုအား တပ်မတော်စစ်ကြောင်းတစ်ခုက စက်တင်ဘာ ၃ ရက်နေ့ ည ၇ နာရီကျော်တွင် ကျူးလွန်ခဲ့ကြသည်ဟု မျက်မြင် ဘုရားပေါင်းကျေးရွာသားများက ပြောဆိုသော်လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိ်ုပြီး AA က မီးရှို့သည်ဟုဆိုကာ မီဒီယာများသို့ ပြောဆိုသည်။
မီးရှို့ခံရသည့် ကျေးရွာ နှစ်ရွာသည် ကျောက်တော်မြို့နယ် တောင်ဘက် ၃ မိုင်ခန့် အကွာတည်ရှိပြီး ရွာသားများမှာ အဆိုပါနေ့က ရွာကို စွန့်ခွာကာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် လေးလွှတ်ရာသို့ ထွက်ပြေးခဲ့ကြရပြီး နီးစပ်ရာရွာများတွင် ခိုလှုံခဲကြရသည်။ လူပေါင်း ၁၅ဝဝ ခန့်သည် ညတွင်းချင်း အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ကြရသည်။
လက်ရှိတွင် အဆိ်ုပါ ဘုရားပေါင်းနှင့် တောင်ပေါက်ရွာသားများအတွက် အိမ်များ ပြန်လည် ဆောက်လုပ်နိုင်ရေးအတွက် ရဟန်ုးတော်များ၊ နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်းများ၊ မြို့နယ်၊ ကျေးရွာအလိုက် စေတနာရှင်များက ဝိုင်းဝန်းကြိုးပမ်းနေကြသည်ဟု သတင်းရရှိသည်။