- Web Master
- ၂၃ မေ ၂၀၂၄
ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၉ / ၂ဝ၂ဝ
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုံရပ်ကွက်တွင် ယနေ့ နံနက် ၁ဝ နာရီခန့်က ကုန်စုံဆိုင်တစ်ဆိုင်ကို မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ စက်ရုံစုရွပ်ကွက်တွင် မတ်ဖြစ်သူက မိမိကိုယ်ကို ဒေါသဖြစ်ပြီး မရီးဖြစ်သူ၏ ကုန်စုံဆိုင်ခန်းကို မီးရှို့ဖျက်ဆီးရာမှ မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက နိရဥ္စရာကို ပြောသည်။
"သူနဲ့ အိမ်က ဘယ်သူနဲ့မှ ရန်ဖြစ်တာ မရှိဘူး။ တစ်ယောက်တည်း နေတယ်။ အခုက ကိုယ့်ကို ဒေါသထွက်ပြီး ဆိုင်ခန်းကို ဖျက်ဆီးပြီး မီးရှို့လိုက်တာပါ " ဟု မရီးဖြစ်သူ ဆိုင်ခန်းပိုင်ရှင်က ပြောသည်။
အဆိုပါမီးလောင်မှုကြောင့် ကုန်စုံဆိုင်ခန်းအတွင်းမှ ပစ္စည်းအနည်းငယ်ခန့်သာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ဆိုင်ပိုင်ရှင်မှာ ဒေါ်စိုးမိုးနိုင်ဖြစ်ပြီး မီးရှို့သူမှာ ဦးကျော်ဝင်းလှိုင်(၄ဝ)နှစ်ဖြစ်ကာ ပျက်စီးတန်ဖိုးမှာ ၈၈ဝဝဝ ကျပ်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ကပြောသည်။
အဆိုပါမီးလောင်မှုအား သတင်းရရချင်း စစ်တွေခရိုင်/ မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်အချို့က သွားရောက်ခဲ့ကြသော်လည်း ရပ်ကွက်သားများက ဝိုင်းဝန်းမီးငြိမ်းသတ်ထားကြပြီဖြစ်ကြောင်း သိရသည်။
မီးရှို့ခဲ့သူသည် မြန်မာနိုင်ငံ ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး ယခုချိန်မှာ သူ့အား စက်ရုံစုရပ်ကွက် နယ်မြေလုံခြုံရေး ရဲကင်းစခန်းတွင် ဖမ်းဆီးစစ်ဆေး မေးမြန်းနေကြောင်း သိရှိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထိုက်ကို ဆက်သွယ်ရာ မီးရှို့မှုကို စုံစမ်းနေဆဲဟု ပြောကြားသည်။