- Web Master
- ၂၃ မေ ၂၀၂၄
ထက်အောင်
နိရဉ္စရာ၊ မေ ၂၈/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ ချောင်းဝရပ်ကွက်တွင် ယနေ့ မေလ ၂၈ ရက်၊ နေ့လယ်ပိုင်းက မီးလောင်ခဲ့သော နေအိမ်မှာ အထက်တန်းပြဆရာမ တစ်ဦး၏ နေအိမ်ဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက “ မီးလောင်မှု စဖြစ်တာကတော့ လေပန်ကာဖွင့်ထားတာကနေ အပူလွန်ကဲပြီးတော့ လောင်ကျွမ်းတာလို့ သိရတယ်။ မီးလောင် ကျွမ်းတာကတော့ ၁၂ နာရီ ၅ မိနစ်ကနေ မိနစ် ၃၀ ထိ ဖြစ်ပွားခဲ့တယ်။ မီးငြိမ်းသတ်တာကတော့ ရသေ့တောင်မြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ကား (၃) စီးနဲ့ ငြိမ်းသတ်ခဲ့ရတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ တွက်နေဆဲပါ” ဟု ပြောသည်။
မီးလောင်ကျွမ်းသွားသည့် နေအိမ်မှာ ရသေ့တောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁) မှ အထက်တန်းပြဆရာမ ဒေါ်ခင်သန်းညွှန့်၏ နေအိမ်ဖြစ်ကြောင်းသိရသည်။
မီးလောင်ကျွမ်းသွားသည့် နေအိမ်ပိုင်ရှင် ဆရာမဒေါ် ခင်သန်းညွှန့်က “ ဆရာမတို့က ကျောင်းတက်နေတယ်။ အဲဒီမှာ အခြားဆရာမတစ်ယောက်က အသိပေးလို့ အိမ်ကိုပြန်သွားတော့ မီးလောင်ပြီး ခေါင်မိုးတွေအကုန် ပွင့်ထွက်သွားပြီး အိမ်က အရိုးအဆင့်ဖြစ်သွားပြီ။ အုတ်နံရံတစ်ခုပဲကျန်တယ်။ ကျန်တာအကုန်လုံးပါသွားတယ်။ ဘယ်ကနေစပြီးလောင်တယ်ဆိုတာလည်း မသိဘူး။ ဆရာမထင်တာကတော့ ဝါယာရှော့ဖြစ်ပြီး လောင်တာလို့ထင်တယ်” ဟု ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် အိမ်ထဲတွင် ရှိနေသည့် အမျိုးသမီးငယ်တစ်ဦးတွင် ခြေသလုံး၌ အပူလျှပ်သွားပြီး ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့သည်။
“ အမျိုးသမီးငယ်တစ်ယောက်ဒဏ်ရာရသွားတာ ဟုတ်ပါတယ်။ မီးလောင်တယ်ဆိုပြီးတော့ ထွက်ပြေးတဲ့အခါ အပူလျှပ်သွားတာပါ။ ခြေသလုံးမှာ ဒဏ်ရာအနည်းငယ်ရသွားတာပါ။ သူ့ကိုတော့ ဆေးခန်းသွားပြပါတယ်။ လောလောဆယ်တော့ ဒဏ်ရာက သက်သာပါတယ်” ဟု ဆရာမ ဒေါ်ခင်သန်းညွှန့်က ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့သည့် မေလ ၂၀ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ပေါ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၄ လုံး ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။