သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

စစ်ကြောင်းအထွက် ပေါက်ကွဲသံများထွက်ပေါ်လာပြီးနောက် ကျောက်ဖြူမြို့နယ်မှ ရွာသားသုံးဦး ခေါ်ယူ စစ်ဆေးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 8.3k

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၄/၂ဝ၂ဝ

ဒီကနေ့မနက်က ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာကနေ တပ်မတော်စစ်ကြောင်းတစ်ခု ထွက်ခွာ သွားပြီး သိပ်မကြာခင်မှာဘဲ ပေါက်ကွဲသံတွေကြားခဲ့ရပြီး၊ အဲဒီနောက်ပိုင်းမှာတော့ အနီးအနားက ကျေးရွာသား ၃ ဦးကို စစ်တပ်က ခေါ်ယူ မေးမြန်းစစ်ဆေးနေတယ်လို့ ရေနံဒွိန်ကျေးရွာ ရာအိမ်မှူး ဖြစ်သူ ဦးမောင်ထောင်းက နိရဥ္စရာသတင်းဌာနကို ပြောပါတယ်။

စစ်ဆေးခံရတဲ့သူတွေက လိပ်တင်ကျေးရွာက ဦးလူအေး(၇ဝ)နှစ်၊ ရေနံဒွိန်ကျေးရွာမှ အသက် ၆ဝ ကျော် အရွယ် ဦးငဆိုးနောင်နဲ့ ငအုပ်ကျေးရွာမှ ဦးငပေချီး(၃၇)နှစ်တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒီပေါက်ကွဲသံတွေကို ရေနံဒွိန်ကျေးရွာနဲ့ လိပ်တင်ကျေးရွာအကြား ကျောက်ချောလမ်းဘက်ကနေ ကြားခဲ့ရပြီး ဒီကနေ့ နံနက် ၇ နာရီခန့်က အင်အား ၇ဝခန့် ပါရှိတဲ့ တပ်မတော်စစ်ကြောင်းတစ်ခု ရေနံဒွိန်ကျေးရွာကနေ ထွက်သွားပြီး သိပ်မကြာခင် သေနတ်သံတွေကို ကြားခဲ့ရတာဖြစ်တယ်လို့ ဦးမောင်ထောင်းက ပြောပါတယ်။

“စစ်ကြောင်းက ကျွန်တော်တို့ ရေနံဒွန်ရွာက ဘုန်းကြီးကျောင်းမှာ မနေ့ညက အိပ်ပြီး ဒီနေ့မနက် လိပ်တင် ရွာဘက်ကို ထွက်သွားတာ။ အဲဒီမှာ ပေါက်ကွဲသံ သုံးလေးချက်ကြားတယ်။ သေနတ် ပစ်သံတွေလည်း ကြားတယ်။ မိုင်းပေါက်တာလား အတိအကျ မပြောနိုင်ပါဘူး။ ပေါက်သံတော့ ကြားပါတယ်။ အဲဒီနောက် ကျွန်တော်ကို အဲဒီက စစ်ကြောင်းကခေါ်တဲ့အတွက် လိုက်သွားရပါတယ်။ အခု စစ်ဆေးမေးမြန်းနေတဲ့ လူသုံးယောက်ကို သိလားလို့မေးတယ်။ ကျွန်တော်ကသိတယ်လို့ဖြေတယ်။ သူတို့ကို ကြိုးတော့ တုတ်ထားတယ်။ မေးစရာရှိလို့စခန်းကို ခေါ်သွားမယ်လို့ပြောတယ်” လို့ ဦးမောင်ထောင်းက ပြောပါတယ်။

ကျောက်ဖြူမြို့နယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံအား နိရဥ္စရာကနေ ဆက် မေးမြန်းကြည့်တော့ ပေါက်ကွဲမှု ဖြစ်တာ ဟုတ်မှန်တယ်လို့ အတည်ပြုပြောကြားပါတယ်။

“ရေနံဒွိန်ဘက်ကတစ်ယောက်ကိုမေးကြည့်တော့ သေနတ်ပစ်သံတွေကြားတွေလို့ပြောတယ်။ ရေနံဒွိန်ကနေ လိပ်တင်ကို သွားတဲ့လမ်းမှာ ဖြစ်တာ။ ကျွန်တော်တို့ပါတီဥက္ကဋ္ဌက ဖုန်းဆက်လာတယ်။ သူ့ကို အဲဒီကခေါ်လို့သွားရသေးတယ်ပြောတယ်။ ပေါက်ကွဲမှုတစ်ခုဖြစ်လို့ခေါ်တယ်လို့ပြောတယ်” လို့ ဦးဖိုးစံက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ရေနံဒွိန်ကျေးရွာနဲ့ တစ်မိုင်ကျော်ခန့်အကွာ၊ လိပ်တင်ကျေးရွာကနေ နှစ်မိုင်နီးပါး အကွာ ရွာနှစ်ရွာကြား ကျောက်ချောလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်မှု တစ်စုံတစ်ရာမရှိဘူးလို့ သတင်းရတဲ့အကြောင်း ဦးဖိုးစံက ပြောပါတယ်။

--------------------

Unicode:


အိမျစိုးဖွူ

နိရဉ်စရာ၊ မေ ၄/၂ဝ၂ဝ








ဆက်စပ် သတင်းများ