သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် ရဲဝန်ထမ်းတစ်ဦး ပျောက်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 9k

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ ဇူလိုင် ၉ / ၂ဝ၂ဝ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင်တာဝန်ကျနေသည့် ရဲဝန်ထမ်းတစ်ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

ပျောက်ဆုံးနေသူမှာ ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင်တာဝန်ကျနေသည့် ရဲဒုတပ်ကြပ် မြင့်နိုင် (၅ဝ နှစ်ဝန်းကျင်)ဖြစ်သည်။

သူသည် ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံ ရုံးစာများကို သွားရောက် ပို့ဆောင်စဉ် ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့မှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

 "သူက အစိုးရရုံးစာတွေကို ခရိုင်ရုံးကို သွားပို့ရတဲ့သူ။ စစ်တွေနဲ့ ပုဏ္ဏားကျွန်းကိုသွားတဲ့လမ်းမှာ ပျောက်သွားတာ။ စစ်တွေကိုလည်း မရောက်ဘူး။ ၁၂ နာရီနဲ့ ၂ နာရီဝန်းကျင်ကြားမှာ ပျောက်သွားတာ။"ဟု ၄င်းက ပြောသည်။

 ပုဏ္ဏားကျွန်းမြို့မှ နောက်ထပ် ဒေသခံတစ်ဦးကလည်း ယခုသတင်းကို အနည်းငယ်ကြားသော်လည်း အတည်ပြု၍ မရသေးဟု ပြောသည်။

 ပုဏ္ဏားကျွန်းမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က အဆိုပါရဲဝန်ထမ်းသည် ယနေ့မွန်းတည့်အချိန်ထိ ပြန်မရောက်သေးဟု ဆိုသည်။

 "ပြည်သူတွေဆီက ဟိုက ဒီက သတင်းကြားစကားအရဆိုလို့ရှိရင် ပုဏ္ဏားကျွန်းက စစ်တွေကို စာပို့ဖို့သွားခဲ့တယ်။ စာပို့ဖို့သွားခဲ့တော့ ညနေဘက် ရောက်သင့်တဲ့အချိန်မှာ အဲဒီက အိမ်ကို ပြန်မရောက်တော့ မိသားစုကနေပြီးတော့ စုံစမ်းတယ်ရှိမယ်လေ။ စုံစမ်းတော့ ပုဏ္ဏားကျွန်းက စာပို့သွားခဲ့တယ်ဆိုရင် စစ်တွေကိုလည်းမရောက်၊ ပုဏ္ဏားကျွန်းကိုလည်း မရောက်။ ကြားမှာ ပျောက်သွားတယ်လို့ သတင်းကြားရပါတယ်။ အခုထိ ပျောက်နေတုန်းပါ။ ပြန်မရောက်သေးဘူး။"ဟု ဦးဦးထွန်းမောင်က ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က နိရဥ္စရာကို ပြောသည်။

 ယခုကိစ္စနဲ့ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်းအားဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

 တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ် ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မောင်မောင်စိုးအားဆက်သွယ်ခဲ့သော်လည်း နေပြည်တော်သို့ရောက်နေသည်ဟုဆို၍ ဖုန်းချသွားခဲ့သည်။

အလားတူ ဇူလိုင်လ ၂ ရက်နေ့ကလည်း စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်နေသူ ဒုရဲအုပ်တစ်ဦးဖြစ်သူ (ဆွေမျိုးများအခေါ် ဦးမောင်ဟန်ထွန်း) ပျောက်ဆုံးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက္ကံတွင် နေထိုင်သူ ဦးလေးဖြစ်သူ ဦးသာစိုးအောင်က နိရဥ္စရာ သတင်းဌာနသို့ ဖုန်းဆက်ပြောကြားထားသည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ တာဝန်ရှိသူများထံ ဖုန်းဆက်သွယ် မေးမြန်း၍ မရရှိသဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။ 


ဆက်စပ် သတင်းများ