သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ကျောက်တန်းအနီးတိုက်ပွဲဖြစ်၊ ဝေဟင်မှပါဝင်တိုက်ခိုက်၊ အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးကျည်စထိမှန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 4.3k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၁၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတွင် ယနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကာ ၎င်းနေရာများသို့ ရသေ့တောင်မြို့ပေါ် တပ်ရင်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ တပ်မတော်က ဝေဟင်မှ ရဟတ်တစ်စီးဖြင့် တိုက်ခိုက်ခြင်းတို့ကိုပါ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။ 

ထိိုသို့ ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် ကျောက်တန်းကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် လယ်ထွန်နေသူ လယ်သမား သုံးဦးတို့တွင် လက်နက်ကြီးကျည်စများ ထိမှန်၍ ဒဏ်ရာရရှိသွားခဲ့ကြောင်း ကျောက်တန်း ကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သည့် ဦးထွန်းလှဖြူက ပြောသည်။

ဒဏ်ရာရရှိသွားသူများမှာ ဦးကျော်သန်း (၄၈) နှစ်၊ ဦးမောင်ခင်လှ (၄၇) နှစ်၊ ဒေါ်နုစိန် (၆၆) နှစ်နှင့် ဦးမောင်လှ (၃၉) နှစ်တို့ဖြစ်ကြောင်း သူက ဆိုသည်။  

“မနက်ကတည်းက ရသေ့တောင်ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ။ တိုက်ပွဲမဖြစ်ခင် လက်နက်ကြီး တွေနဲ့ ကျောက်တန်းရွာ၊ အောင်သာစည်ရွာဘက်ကို လှမ်းပစ်တယ်။ တိုက်ပွဲမဖြစ်ခင် နေ့လယ် ၁ နာရီလောက်မှာ  အချိန်ပိုင်းကပ်ပြီး ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေ လုပ်ပါတယ်။ နောက် တိုက်ပွဲက သောင်းဒရားနဲ့ ထီးစွဲကြားမှာ ဖြစ်တာပါ။ အဲဒီမှာ ရွာသား ၄ ယောက်က ရွာကလယ်ကွင်းမှာ အလုပ်လုပ်နေကြတာ။ အဲဒီမှာ လက်နက်ကြီး ကျပြီး ဒဏ်ရာ ရသွားတာပါ။ ကျောက်တန်းရွာက ကျောင်းသင်ခမ်းလည်း လက်နက်ကြီးကျလို့ ပြိုသွားပါတယ်” ဟု ဦးထွန်းလှဖြူက နိရဥ္စရာသို့ ပြောသည်။

ယနေ့ နံနက် ၁ဝ နာရီခွဲခန့်က ရသေ့တောင်မြို့ရှိ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ကျောက်တန်း၊ အောင်သာစည် ကျေးရွာဘက်သို့ လှမ်းပစ်ခတ်ကြောင်း၊ ယနေ့ နေ့လယ် ၁ နာရီခန့်ကနေ ၂ နာရီအထိ တပ်မတော်မှ တိုက်ခိုက်ရေး ရဟတ်လေယာဉ်တစ်စီးဖြင့် ကျောက်တန်းကျေးရွာအနီးတဝိုက်တွင် ဝဲပျံကာ ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီးနောက် အေအေနှင့် တပ်မတော်တို့ အကြား အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားကြောင်း၊ နှစ်ဘက်တိုက်ပွဲမှာ ယနေ့ ညနေ ၆ နာရီ အချိန်ထိ မရပ်စဲသေးကြောင်း ၎င်းက ဆက်လက် ပြောသည်။

ကျောက်တန်းကျေးရွာအနီးရှိ ရေပုတ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးကလည်း “ရသေ့တောင် တပ်ရင်း ၅၃၆နှင့် ၅၃၇ ဘက်က လက်နက်ကြီး လေး/ငါးဆယ်လောက်ကျပါတယ်။ လှမ်းပစ်တာ။ လေယာဉ်တစ်စီးနဲ့လည်း ပစ်ခဲ့တယ်။ လက်နက်ကြီးတွေနဲ့ ပစ်နေတာကို ကျွန်တော်တို့ မြင်ရပါတယ်။ ထီးစွဲတို့ အောင်သာစည်တို့ အနားမှာက တိုက်ပွဲဖြစ်ခဲ့တယ်” ဟု နိရဥ္စရာသို့ ပြောသည်။

လက်နက်ကြီးကျည်စ ထိမှန်သွားသူများမှာ မစိုးရိမ်ရကြောင်း၊ ဦးကျော်သန်းတွင် ဘယ်ဘက် တံတောင်ဆစ်၊ ဒေါ်နုစိန်တွင် ညာခြေထောက်၊ ဦးမောင်ခင်လှတွင် ညာဘက်ဒူးနှင့် ဦးမောင်လှတွင် ဝမ်း၌ ရှပ်ထိသွားကြောင်း ကျေးရွာသားများက ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသွားသူများကို အနီးအနား ကျေးရွာများရှိ ကျန်းမာရေးမှူးများဖြင့် ဆေးကုသ ပေးလျှက်ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်နှင့် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အဆက်သွယ်မရရှိခဲ့ပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အဆက်သွယ်မရရှိခဲ့ပါ။


ဆက်စပ် သတင်းများ