သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

စစ်ဆင်ရေးစတင်ကြောင်းကြေညာပြီးနောက် ရသေ့တောင် ကျောက်တန်းနယ်မြေတွင်နှစ်ရက်မြောက်တိုက်ပွဲဆက်ဖြစ်၊ မေယူကမ်းတောင်ပိုင်းမှ ရွာသားသုံးထောင်ထက်မနည်း ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 6.8k

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ ဇူလိုင် ၁၇ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေတွင် စစ်ဆင်ရေးစနေပြီဖြစ်ကြောင်း တပ်မတော်က ဇူလိုင်လ ၁၆ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ၎င်းဒေသတွင် ဒုတိယနေ့အဖြစ် ယနေ့တွင်လည်း တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

ဒေသခံ တစ်ဦးက “ ဒီနေ့ ဖြစ်တာက လက်နက်ကြီးပေါက်ကွဲသံတွေကို မနက် ၈ နာရီ၊ ၉ နာရီက စဖြစ်ပါတယ်။ ၁၁ နာရီလောက်မှာတော့ ထီးစွဲနဲ့ အောင်သာစည်ရွာကြားလောက်က သေနတ်ပစ်သံကို နေ့လယ် ၁ နာရီ ထိလောက် ကြားရပါတယ်။ တပ်မတော်နဲ့ အေအေတို့ နှစ်ဖက် ရင်ဆိုင်ဖြစ်ကြပုံရပါတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေကို ကြားရပါတယ်” ဟု ပြောသည်။

သို့သော် ယနေ့တွင် ဝေဟင်မှ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်မှု မရှိဟု သိရသည်။

ကျောက်တန်းနယ်မြေတွင် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်မှာ ကြာပြီ ဖြစ်ကြောင်း၊ ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်ကာ ရသေ့တောင်မြို့ပေါ်ရှိ တပ်ရင်းများက လက်နက်ကြီးပစ်ကူမှုများ ပြုလုပ်ခဲ့သလို ရဟတ်ယာဉ် နှစ်စီးဖြင့်လည်း ဝဲပျံတိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းနောက် ယမန်နေ့  မွန်းလွဲပိုင်းမှ စတင်ပြီး မြေပြင်ထိုးစစ် စတင်ပုံရကြောင်း၊ နှစ်ဖက် တပ်ဖွဲ့များ အပြန်အလှန် တိုက်ခိုက်ခဲ့ကြကြောင်း ၎င်းက ပြောကြားသည်။ 

သောင်းဒရားကျေးရွာ အုပ်ချုပ်ရေးမှူးက “ ဒီနေ့ မနက် ၉ နာရီခွဲက စဖြစ်ပါတယ်။ ရသေ့တောင်မြို့ ပေါ်ကလည်း အမြောက်ရာနဲ့ချီပြီး ပစ်ပါတယ်။ မနက်ကနေဖြစ်တာ နေ့လယ် တစ်နာရီလောက်မှာ တစ်ကြိမ် ရပ်သွားပါတယ်။ အခု ညနေ ၅ နာရီလောက်က သေနတ်ပစ်ခတ်သံတွေကို နောက်ထပ်တစ်ကြိမ် ပြန်ကြား ရပါတယ်။ အခုထိ ကြားရပါတယ်။ ကျောက်တန်းရွာနဲ့ အောင်သာစည်ဘက်က ကြားရပါတယ်” ဟု ယနေ့ ညနေ ၆ နာရီ အချိန်က ဆက်သွယ်စဉ် ပြောကြားသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ရသေ့တောင်မြို့နယ်၊ ထီးစွဲကျေးရွာ၊ အောင်သာစည်ကျေးရွာနှင့် ကျောက်တန်းကျေးရွာများတစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းများက ယမန်နေ့မှ စတင်၍ ဆက်သွယ်ရေး လမ်းကြောင်းပွင့်စေရေးနှင့် ရွာသူရွာသားများကို ကယ်တင်ရန် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး Counter Terrorism Operation ပြုလုပ်လျက်ရှိသည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ထားပြီးနောက် တိုက်ပွဲများ ပြင်းထန်လာခြင်း ဖြစ်သည်။ 

ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲများမှ စစ်ဆင်ရေး စတင်ပြီးဟု ကြေညာထားသည့် ကျောက်တန်း နယ်မြေတွင်သာမက ရသေ့တောင်မြို့နယ်၏ အနောက်တောင်ပိုင်းဒေသဖြစ်သည့် ချိန်ခါလီ၊ ကိုးတန်ကောက်ဘက်တွက်လည်း လွန်ခဲ့သည့် ဇူလိုင် ၁၃နှင့် ၁၄ ရက်များက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့်  ၎င်း နယ်မြေတဝိုက်မှ ဒေသခံ သုံးထောင်ထက်မနည်းသည် ရသေ့တောင်မြို့ပေါ်အပါအဝင် စစ်တွေမြို့နှင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု လူမှုရေး အဖွဲ့အစည်းများ၏ သတင်းအရ သိရသည်။

ရသေ့တောင်မြို့နယ် အောင်ဗလကျေးရွာမှ စစ်တွေမြို့သို့ ထွက်ပြေးလာသူ ဒေါ်ခင်ဝင်းကြည်က “မိခင်တစ်ယောက်အနေနဲ့ကတော့ ကိုယ့်သားသမီးလေးတွေဆီ မထိရအောင် ငါတို့ ဘေးလွတ်ရာကို ရှောင်ရမယ်ဆိုပြီး စိတ်တစ်ခုတည်းနဲ့ ရှောင်လာတာပါ”ဟု နိရဥ္စရာကို ပြောသည်။

ထွက်ပြေးနေကြသူများတွင် ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာအနီး ဇူလိုင်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် လူသေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သည့်အတွက် ထွက်ပြေးခဲ့ရသည်ဟု ပြောဆိုသည်။

"သူတို့ ပစ်ခတ်လို့ရှိရင် ရွာတွေ ပြိုသွားမယ်။ နေစရာထိုင်စရာမရှိဖြစ်မယ်။ လူထုတွေလည်း အန္တရာယ် ရောက်မယ်လေ။ ဒါကြောင့် အခုလို ထွက်ပြေးလာတာပါ"ဟု ရသေ့တောင်မြို့နယ် ဆင်ပိုက်ကျေးရွာမှ စစ်တွေမြို့သို့ ထွက်ပြေးလာသည့် ဦးကျော်အောင်ဌေးက နိရဥ္စရာကိုပြောသည်။

ထွက်ပြေးနေသူများကို စစ်တွေ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီနေရာချထားပေးနေရပြီး ၄င်းတို့၏ စားဝတ်နေရေးအတွက် များစွာအခက်အခဲဖြစ်နေရသည်ဟုလည်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေမှလည်း နယ်မြေရှင်းလင်းရေး လုပ်မည်ဖြစ်သဖြင့် ရွာသားများ ရှောင်နေကြရန် ဇွန်လ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းလက်မှတ်ထိုးထုတ်ပြန်ပြီးနောက် ကြောက်လန့်ပြီး  ကျောက်တန်းရွာ အပါအဝင် အနီးအနား ကျေးရွာများမှ ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးခဲ့ရသည်။ 

အဆိုပါ နယ်မြေရှင်းလင်းရေး လုပ်မည့် ညွှန်ကြားချက်ကို ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ဇွန်လ ၂၆ ရက်နေ့တွင် ပြန်လည် ရုပ်သိမ်းခဲ့သော်လည်း ထွက်ပြေး လာကြသည့် ဒေသခံများမှာ ရွာသို့ မပြန်ရဲကြတော့ဘဲ ရသေ့တောင်မြို့ပေါ်နှင့် စစ်တွေမြို့တို့တွင် ခိုလှုံနေကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင် ၇ ရက်နေ့အထိ စစ်ဘေးရှောင်ဦးရေ နှစ်သိန်းနီးပါးခန့်ရှိနေပြီဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး(REC)က ထုတ်ပြန်ထားပြီး အဆိုပါစာရင်းတွင် ယခုထွက်ပြေးလာသူများ ပါဝင်မှုမရှိသေးပေ။


ဆက်စပ် သတင်းများ