သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးတွင် စစ်သုံ့ပန်း ၆ ဦးကို ရက္ခိုင့်တပ်တော်(AA)က တပ်မတော်ထံ လွှဲပြောင်းပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 990

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇွန် ၁၇/ ၂ဝ၂၁
ရက္ခိုင့်တပ်တော်(AA)က ဖမ်းထားသည့် စစ်သုံ့ပန်း ၆ ဦးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က မြောက်ဦးမြို့နယ် ၊ ကျောက်ကျပ်ကျေးရွာတွင် တပ်မတော်အရာရှိများထံလွှဲပြောင်း ပေးလိုက်ကြောင်း သတင်းရရှိသည်။
မျက်မြင်သက်သေတစ်ဦးက “ တပ်မတော်ဖက်က ကားနှစ်စီးနဲ့လာတယ်။ စကြာမုနိဘုရားလမ်းက ဆင်းလာတယ်။ တပ်မတော်က ၁၅ ယောက်လောက် ဘုန်းကြီးကျောင်းထဲဝင်လာတယ်။ AA က အဲဒီ ကျောက်ကျပ်ဘုန်းကြီးကျောင်းမှာနေရာယူထားတာပါ။ အကုန်ခြောက်ယောက်ပါ။ နာမည်တွေတော့ ကျွန်တော်အလွတ်မရဘူး။ အတော်ကြည့်ကောင်းတဲ့ အရာပါ။ ဝမ်းသာစရာပေါ့ဗျာ။” ဟုပြောသည်။
ရက္ခိုင့်တပ်တော်မှ အရာရှိ ဗိုလ်မှူးထိပ်ချွန်းဆိုသူနှင့် မြန်မာ့တပ်မတော်အရာရှိ ဗိုလ်မှူးသန်းဝင်းဌေးတို့ဦးဆောင်ကာ သုံ့ပန်းလွှဲပြောင်းရေး လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
ဖမ်းဆီးခံခဲ့ရသူတစ်ဦးဖြစ်သည့် မန္တလေးတိုင်းမှ ရဲအုပ်ဝင်းတင့်၏ ဇနီးဒေါ်ဝင်းဝင်းသန်းက “ ကျွန်မတို့့ သတင်းကြားတာက ၁၁ ရက်နေ့က ဆယ်ယောက်တစ်ခါလွတ်တယ်။ ၁၆ ရက်နေ့က ဆယ်ခုနစ်ယောက်တစ်ခါ လွတ်တယ်ဆိုပြီးပေါ့။ ဒါပေမဲ့ ကျွန်မအမျိုးသားက ကျွန်မတို့ဆီကိုဆက်သွယ်မလာသေးပါဘူး။ လွတ်တဲ့အထဲသူပါဖို့ ဆုတောင်းနေမိတာပါ။ ကျွန်မက သူအဖမ်းခံရပြီးနောက်ပိုင်း နေမကောင်း ဖြစ်နေတာပါ။ ဆုတောင်းနေမိတာပါ။ အဆက်အသွယ်ရဖို့ ကူညီပေးကြပါရှင်။” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူနှင့် ရက္ခိုင့်တပ်တော်(AA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအားဆက်သွယ်ရာ ဆက်သွယ်မှုမရရှိသေးပါ။

ဆက်စပ် သတင်းများ