သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အမ်းတပ်နယ်တွင် လက်နက်ခဲယမ်းဟောင်းများ ဖောက်ခွဲမှု ယနေ့စတင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 8.7k

ထက်အောင်
နိရဥ္စရာ၊ ဇွန် ၁၈/ ၂၀၂၁
ရခိုင်ပြည်နယ်၊ အမ်းတပ်နယ်အတွင်း စစ်တပ်မှ သက်တမ်းကုန် လက်နက်ခဲယမ်းဟောင်းများ ဖောက်ခွဲဖျက်ဆီးမှုကို ယနေ့ ဇွန် ၁၈ ရက်နေ့တွင် စတင်ပြုလုပ်လိုက်ပြီး ဖောက်ခွဲသံ (၁၀) ကြိမ်ထက်မနည်း ကြားရကြောင်း ဒေသခံများက ပြောသည်။
အမ်းမြို့နယ်၊ ကမ်းဒိတ်ကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက “ ဖောက်ခွဲသံတွေကတော့ မနက်ပိုင်း ၈ နာရီလောက်ကနေ ညနေ (၃) နာရီကျော်လောက်ထိ (၁၀) ကြိမ်ထက်မနည်း ကြားရပါတယ်။ ကျမတို့ရွာဘက်မှာတော့ ထွေထွေထူးထူးစိုးရိမ်မှုမရှိပါဘူး။ အဲဒီ ဖောက်ခွဲမှုလုပ်တဲ့ အနီးအနားရွာတွေကတော့ စိုးရိမ်မှုတွေရှိနိုင်ပါတယ်။ ကျမတို့ရွာမှာတော့ ရွာထဲမှာပဲနေကြပါတယ်။ တောထဲသို့ သွားတာလာတာ မလုပ်ကြပါဘူး။” ဟု ပြောသည်။
အမ်းမြို့နယ်အတွင်း ယခုကဲ့သို့ စစ်တပ်မှ သက်တမ်းကုန်လက်နက်ခဲယမ်းဟောင်းများ ဖောက်ခွဲဖျက်ဆီးမှုသည် ဒေသခံများကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်စေသေည်ဟု မြင်မိကြောင်း အမ်းမြို့နယ်အတွင်း လူမှုရေး လုပ်ငန်းများဆောင်ရွက်နေသူ ကိုမျိုးလွင်က ပြောသည်။
ကိုမျိုးလွင်က “ အခုလိုမျိုး ဖောက်ခွဲသံတွေကြားရတော့ ဒေသခံတွေအနေနဲ့ ကြောက်လန့်မှုအနည်းနဲ့အများရှိတာပေါ့။ တိုက်ပွဲတွေလည်း ရပ်တန့်နေတဲ့အခါ၊ နယ်မြေအေးချမ်းနေတဲ့အချိန်မှာ အခုလိုမျိုးပေါက်ကွဲသံကြားရတော့ တစ်ဘက်မှာလည်း တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်ဖို့အတွက် အသံတစ်ခုပေးတာလားဆိုပြီး ဒေသခံတွေစိတ်ထဲမှာ စိုးရိမ်ပြီး သံသယစိတ်တွေဝင်သွားကြတယ်။ သူတို့(တပ်မတော်)ကတော့ သက်တမ်းကုန်သွားတဲ့လက်နက်ခဲယမ်းတွေကို ဖောက်ခွဲတယ်ဆိုပြီး ကြားမိပါတယ်။” ဟု ပြောသည်။
ယခုကဲ့သို့ သက်တမ်းကုန်လက်နက်ခဲယမ်းများအား အမ်းမြို့နယ်အတွင်း ဇွန်လ ၁၈ ရက်နေ့ ၁၉ ရက်တို့တွင် နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌ ဖောက်ခွဲဖျက်ဆီးသွားမည်ဟု ကျေးရွာများကို ယခုရက်ပိုင်းအတွင်း အသိပေးအကြောင်းကြားထားသည်ဟုလည်း ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများက ဆိုသည်။
အမ်းမြို့၊ အမှတ် (၃) ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းချိုက “ကျနော်တို့အနေနဲ့လည်း တကယ်လို့ ပြည်သူတတွေ ပေါက်ကွဲသံတွေကြားရင် အထိတ်တလန့်မဖြစ်အောင် ဆိုပြီး ရပ်ကွက်မှာ ကြေညာထားပါတယ်။ ဖောက်ခွဲသံတွေတော့ အမ်းမြို့ပေါ်က မကြားရပါဘူး။ အမ်းနဲ့ မနည်းဝေးကွာပါတယ်။” ဟု ပြောသည်။
ယနေ့စတင်လိုက်သည့် သက်တမ်းကုန် လက်နက်ခဲယမ်းများဖောက်ခွဲဖျက်ဆီးခြင်းကို အမ်းမြို့နယ် အမ်းမြောက်ကျေးရွာအုပ်စု၊ ရွာသာယာရွာအနီး အမှတ် (၃၇၃) ခြေလျင်တပ်ရင်းမှ ၁ မိုင်ခန့်အကွာတွင် ကျင်းနှစ်ကျင်းတူးကာ ဖောက်ခွဲမှု ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့ ဖောက်ခွဲဖျက်ဆီးလိုက်သည့် သက်တမ်းကုန်လက်နက်ခဲယမ်းများသည် အမ်းမြို့နယ်၊ အမှတ် (၃၄၅) လက်နက်ခဲယမ်းစုဆောင်းတပ်မှ ခဲယမ်းမီးကျောက်များ ဖြစ်သည်ဟုလည်း သိရသည်။
ဓာတ်ပုံ - အမ်းတောင်တန်းတစ်နေရာအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ