တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်တွေတက္ကသိုလ် ၂၃နှစ်ပြည့်မွေးနေ့ အခမ်းအနားကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.4k

နီမင်းထွန်း
နိရဥ္စရာ ၊ စက်တင်ဘာ ၅ /၂ဝ၁၉

စစ်တွေတက္ကသိုလ် ၂၃နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

၎င်းအခမ်းအနားကို စစ်တွေ တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမတွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁ဝ နာရီအချိန်က စတင်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် သုတေသနစာတမ်းဖတ်ပွဲ ၊ စျေးရောင်းပွဲတော်၊ တေးဂီတ ဖျော်ဖြေပွဲများကို စည်စည်ကားကားကျင်းပခဲ့သည်ဟု သိရသည်။

 စစ်တွေတက္ကသိုလ် ၂၃နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျောင်းသူ ကျောင်းသားများ ပျော်ရွှင်စေရန် ၊ သုတေသနနှင့် ပတ်သတ်၍  စိတ်ဝင်စား လာစေရန် ရည်ရွယ်၍ သုတေသန စာတမ်းဖတ်ပွဲများကိုပါ ထည့်သွင်း ကျင်းပ ခဲ့သည်ဟု စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနို်င်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

 “ အဓိကတော့ စစ်တွေတက္ကသိုလ် ၂၃နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ လုပ်တာပေါ့နော်။ ကျောင်းသူ ကျောင်းသားတွေ ပျော်ရွှင်ဖို့ ရည်ရွယ်ပါတယ်။ သုတေသနနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေ သုတေသနလုပ်ချင်စိတ်ရှိလာစေဖို့ ရည်ရွယ်ပြီးတော့ သုတေသနစာတမ်းဖတ်ပွဲကိုပါ ထည့်သွင်းကျင်းပပါတယ်” ဟု ပါမောက္ခချုပ်  ပြောသည်။

 အခမ်းအနားသို့ တက်ရောက်လာသူ တတိယနှစ် ဓာတုဗေဒကျောင်းသူ မဖြိုးမြတ်ဝေ က “အရမ်းကို ပျော်စရာကောင်းပါတယ်။ နောက်နှစ်တွေမှာ အခုလိုပွဲတွေ လုပ်ပေးစေချင်ပါတယ်”ဟုပြောသည်။

 သုတေသနစာတမ်းဖတ်ပွဲတွင် ဝိဇ္ဇာဘာသာရပ်အဖြစ် ၂၂စောင် သိပ္ပံဘာသာရပ် အနေဖြင့် ၂၄စောင် ဖတ်ကြားခဲ့ကြောင်း သိရသည်။

 စျေးရောင်းပွဲတော်တွင် ရခိုင်ရိုးရာအစားအစာများ ၊ ကံစမ်းမဲဖောက်ခြင်းများ နှင့် တခြားအစားအစာများကို မေဂျာပေါင်းစုံက ကျောင်းသူ ကျောင်းသားများ ရောင်းချကြသည်။

 တေးဂီတဖျော်ဖြေပွဲတွင်လည်း ရခိုင်ရိုးရာအကနှင့် သီချင်းများဖြင့် ကျောင်းသူ ကျောင်းသားများက သီဆိုကပြဖျော်ဖြေခဲ့ကြသည်။

ဆက်စပ် သတင်းများ