နိရဉ္စရာ၊
ဒီဇင်ဘာ ၆/၂၀၂၁
ကိုဗစ်ကြောင့် ခေတ္တယာယီပိတ်ထားသည့်
တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များကို လာမည့်
၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန်
ပညာရေးဝန်ကြီးဌာန က စီစဉ်နေသည်။ နိုဝင်ဘာ နောက်ဆုံး အပတ်က
နေပြည်တော်ရှိ
နစက ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ဝန်ကြီးနှင့် တာဝန်ရှိသူများက
ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တာဝန်ရှိသူများကို တွေ့ဆုံခဲ့ပြီး
တက္ကသိုလ်ကောလိပ်များ ပြန်ဖွင့်နိုင်ရေး အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားဖို့ ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက လမ်းညွှန်ချက်ပေးခဲ့သည်။ အဆိုပါ တက္ကသိုလ်၊
ဒီဂရီကောလိပ်နှင့်ကောလိပ်များကို ပြန်လည် ဖွင့်လှစ်မည့်
အပေါ် ရခိုင်က
တက္ကသိုလ်၊ ကောလိပ် ကျောင်းသား ကျောင်းသူတချို့ကို အေးမြတ်ခိုင်ကမေးမြန်း
တင်ပြပေးလိုက်ပါသည်။
---------
မေထက်ထက်ထွန်း
(တောင်ကုတ်တက္ကသိုလ်/ဓာတုဗေဒမေဂျာ ပထမနှစ်)
“ ဇန်နဝါရီလမှာ
ကျောင်းပြန်ဖွင့်မယ်လို့တော့ကြားပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာလည်း
ရောဂါသစ်ကူးစက်နေတဲ့အတွက်ကြောင့် ရောဂါတွေအခြေအနေကောင်းသွားမှ ကျောင်းတွေ ပြန်ဖွင့်စေချင်တယ်။
ကျန်းမာရေးက အဓိကပဲလေ။
ကိုဗစ်တွေဖြစ်နေတဲ့အချိန်မှာ ကျောင်းသားတွေ အတွက်လည်း မကောင်းဘူးပေါ့လေ။ ညီမအနေနဲ့ကျောင်းကတော့တက်ချင်ပါတယ်။
ဒါပေမဲ့လည်း စိတ်မချရသေးဘဲ ကျောင်းတော့မဖွင့်သင့်သေးဘူးလို့ထင်ပါတယ်။”
-----------------------
နေမျိုးအောင်
(ကျောက်ဖြူနည်းပညာတက္ကသိုလ်/IT Second Year)
“ ကျွန်တော်တို့ကျောင်းသားတွေအများစုပေါ့။ သူငယ်ချင်းတော်တော်များများကိုမေးကြည့်လိုက်တဲ့ အခါမှာလည်း ကျောင်းတက်မယ်
လို့ပဲဖြေကြတယ်။ ဘာလို့ဆို နိုင်ငံရေးအတိုင်းအတာ၊ စစ်ရေးအတိုင်းအတာ
ဖြစ်နေတဲ့အချိန်မှာ ကုန်ဈေးနှုန်းတွေတက်တာတွေရှိတယ်။ မိသားစုအတွက် တဖက်တလမ်းက ထောက်ပံ့ပေးဖို့အရွယ်ကရောက်နေပြီပေါ့လေ။
ဝမ်းရေးအတွက် အလုပ်လုပ်ဖို့လိုလာတဲ့အခါ
အလုပ်လုပ်ဖို့အတွက် ဘွဲဆိုတာကလိုအပ်လာတယ်။ အခုလက်ရှိ
ကိုဗစ်ပိုးပြန်တွေ့လာတာမျိုးတွေရှိတဲ့အခါမှာလည်း
သမဂ္ဂဥက္ကဌတစ်ယောက်အနေနဲ့ဆိုရင် ကျွန်တော်တို့ကျောင်းသားတွေဘေးကင်းဖို့အတွက်
ထပ်စဥ်းစားရမယ့်အနေအထားတွေရှိတယ်။ လောလောဆယ်မှာ ကိုဗစ်အခြေနေနဲ့ပတ်သတ်ပြီး
မဆွေးနွေးရသေးပါဘူး။ အရင်ရခိုင်နိုင်ငံရေးအနေနဲ့ကြည့်မယ်ဆိုရင် ၁၀
တန်းနဲ့ပတ်သတ်ပြီး စကားတခွန်းကြားဖူးတာရှိတယ်။ တိုက်ပွဲဘယ်လောက်ပဲ ဖြစ်ပါစေ၊
စာမေးပွဲမဖြစ်မနေဖြေမယ်ဆိုတဲ့ စကားတစ်ခွန်းပေါ့။
ဒီစကားကိုကြည့်ခြင်းအားဖြင့် နှစ်ဘက်စစ်ရေးတင်းမာမှုရှိလာတယ်ဆိုရင်တောင်
ကျောင်းကိုဖွင့်ကိုဖွင့်မယ်ဆိုတဲ့အနေအထားတစ်ခုတော့ရှိမယ်ပေါ့။”
--------------------
ခိုင်မင်းသိန်း
(စစ်တွေတက္ကသိုလ်/မေဂျာလျှောက်ထားဆဲ)
“ကျောင်းက
ကိုဗစ်နဲ့ဆိုတော့ ဖွင့်ဖို့ဖြစ်နိုင်မယ် မထင်သေးဘူး။ ပွဲတွေကလည်းကျင်းပနေကြတော့
ကိုဗစ်နဲ့ ကျောင်းတွေတော့ပြန်မဖွင့်စေချင်သေးဘူး။ ကပ်ရောဂါလည်းဖြစ်တဲ့အတွက်
ဖြစ်လာရင် မလွယ်ဘူးလေ။
တကယ်လို့ ကိုဗစ်စည်းကမ်းနဲ့အညီဖွင့်ဖြစ်ရင်တော့ တက်ဖြစ်မှာပါ။ ဘာလို့ဆို
ကျောင်းတွေလည်းနောက်ကျနေပြီ၊ အသက်တွေကလည်းကြီးလာပြီဆိုတော့လေ။ စိုးရိမ်မှုတွေလည်း ရှိပါတယ်။ ဖြစ်လာရင်
ကိုယ်တစ်ယောက်တည်းနဲ့မပြီးဘူး။ ကိုယ်တို့တစ်မျိုးသားလုံးဖြစ်မှာဆိုတော့
စိုးရိမ်မှုတွေအများကြီးရှိပါတယ်။”
----------------------
သက်ဆုမွန်
(ကွန်ပျူတာတက္ကသိုလ်/ CT Second Year)
“ ကျောင်းကတော့တက်ချင်တာပေါ့နော်။
အသက်တွေကလည်း ၂၀ ကျော်နေပြီ။ အခုစစ်တွေမှာလည်း ပိုးတွေ့တယ်ကြားတယ်။
ရောဂါကလည်းကြောက်ရတယ်။ တကယ်လို့မတော်တဆ
ကြီးကြီးမားမားဖြစ်လာရင် ကျောင်းတက်ရဖို့မသေချာဘူး။ ပြန်ပိတ်မလား မသိဘူး။
ကျောင်းပြန်ဖွင့်နိုင်ဖို့ ကြိုးတော့ကြိုးစားနေကြတယ်လို့
ပြောသံကြားပါတယ်။ နိုင်ငံရေးကလည်း တည်ငြိမ်နေကြတာမဟုတ်ဘူးလေ။
သမီးတို့ကျောက်ဖြူမှာလည်း သေနတ်တွေနဲ့စစ်သားတွေ တစ်ခါတလေတွေ့နေရတယ်။
ကျောင်းကတက်ချင်ပေမဲ့ အချိန်အခါနဲ့အခြေအနေကို ကြည့်နေရပါတယ်။”
-----------------------
ဆုဝေဇင်(စစ်တွေတက္ကသိုလ်/သတ္တဗေဒ
second year)
“
ကျောင်းကတော့ပြန်ဖွင့်စေချင်ပါတယ်။
တကယ်ဆို ဒီနှစ်က နောက်ဆုံးနှစ်ရှိမယ်။ အကြောင်း အမျိုးမျိုးနဲ့ကျောင်းမကပိတ်နေရတော့
အသက်ပဲကြီးလာတယ်။ ကျောင်းဖွင့်ဖြစ်ဖို့ ရာခိုင်နှုန်းကတော့ အရမ်းနည်းမယ်ထင်တယ်။ ဘာလို့ဆို
ကိုဗစ်ပိုးသစ်တွေကလည်းတွေ့နေတော့လေ။ ဒါပေမယ့် ဖွင့်ဖြစ်သွားရင်တော့
ကျောင်းတက်မှာပါ။”
(ပြီး)