တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

မောင်တော အောင်ဗလရွာမှ ဒေသခံ ၄ ဦး သတ်ဖြတ်ခံရဟု သတင်းထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

(ကျေးရွာသားတချို့လည်း အဖမ်းခံထားရပြီး နေအိမ်များဆက်လက်မီးရှို့ခံနေရဟုဆို)

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇူလိုင် ၁၂ /၂၀၂၄

တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည့် ရခိုင်ပြည် အနောက်ဘက်နယ်စပ်မြို့ မောင်တော၊  ရွှေဇား‌ကျေးရွာ အုပ်စု၊ အောင်ဗလ(ရခိုင်)ရွာမှ ဒေသခံရွာသား ၄ ဦးအား စစ်ကောင်စီပစ်သတ်လိုက်ပြီး ကျေးရွာသား တချို့ကိုလည်း ဖမ်းဆီးထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သတ်ဖြတ်ခံရသူ ၄ ဦးအထဲတွင် ခင်မောင်ချေ (၃၅) နှစ် (ဘ) ဦးထွန်းသာမောင်နှင့် မိုးကုတ်တို့ ပါဝင်သည်ဟု  အောင်ဗလကျေးရွာမှ‌ ဒေသခံအမျိုးသမီး တစ်ဦးက နိရဉ္စရာကို ပြောသည်။

"ပစ်သတ်ခံရတာ လေးဦးရှိတယ်လို့ သိရတယ်။ အတိအကျ နာမည်ရတာကထွန်းသာ‌ မောင်သား ခင်မောင်ချေ (၃၅)နှစ်လို့ သိရတယ်။ နောက်တစ်‌ယောက်က မိုးကုတ် ဆိုသူလို့တော့ သိရတယ်။ ဒါပေမယ့်  အတိအကျ မပြောနိုင်သေးဘူး။ နောက်ပစ်သတ်ခံရတဲ့သူတွေ နာမည်လည်း အတိအကျ မရသေးဘူး။ ရွာကလူတွေအားလုံး ထွက်ပြေးသွားပြီ။ ဖုန်းဆက်လို့လည်း မရဘူး။  ကျွန်‌မလည်းရွာကို ပြန်လို့ မရတောဘူး" ဟု သူမက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ၎င်းတို့ သင်တန်းပေးထားသော မွတ်ဆလင်လက်ကိုင် အင်အား ၁၀၀ ကျော်ခန့်သည် အောင်ဗလကျေးရွာထဲကို ဇူလိုင် ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့သလို ရွာထဲ၌ ထွက်မပြေးနိုင်သည့် ကျေးရွာသားများကိုလည်း ဖမ်းဆီးခဲ့သည်ဟု သိရသည်။ 

ဒေသခံတစ်ဦးက "မနေ့က ရွာသား ၁၅ ဦးကိုဖမ်းဆီးပြီး ၄ ဦးကိုပစ်သတ်လိုက်တယ်လို့သိရတယ်။ မနေ့က‌ နေအိမ်တွေကို မီးရှို့တယ်။ မိုးရွာနေတော့ နေအိမ် ၅ ဆောင် မီးလောင်သွားတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူး‌ နေအိမ်နဲ့ နောက်နေအိမ်တွေကိုမီးရှို့နေတယ်။ ရွာက တက်လာတဲ့ မီးခိုးလုံးတွေကို မြင်နေတယ်"ဟု ပြောကြားသည်။

ဇူလိုင် ၁၂ ရက် ယနေ့ နေ့လယ် ၁၂ နာရီခန့်၌ အောင်ဗကျေးရွာအားစစ်‌ကောင်စီတပ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး‌ နေအိမ်အပါအဝင် နေအိမ်များအား ထပ်မံမီးရှို့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၁၀ ရက်ယနေ့ ည ၆ နာရီ ၃၀ ခန့် တွင် စစ်ကောင်စီနှင့် AA တို့ အောင်ဗလ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဇူလိုင် ၁၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင်စစ်‌ကောင်စီတပ် မှ အောင်ဗလ‌ ကျေးရွာရှိ နေအိမ်များအားမီးရှို့ကာ ဒေသခံရွာသား ၁၅ ဦးအား ဖမ်းဆီးပြီး စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ထိုအထဲက ကျေးရွာသား ၄ ဦးကို ပစ်သတ်ကာ ကျန်လူအချို့အား လွတ်‌ပေးခဲ့သလို ဖမ်းဆီး ခံထားရသူများလည်း ကျန်ရှိနေသေးကြောင်း ဒေသခံများထံမှသိရသည်။

ဖမ်းဆီးခံရသူများမှာ ခင်မောင်ချေ၊မိုးကုတ်၊ ငြိမ်းချမ်းအောင်၊ သန်းမောင်၊ ဦးကျော်စိန်၊ ကျော်နိုင်၊ ဦးလှကျော်၊ ဘထွန်း၊ ကျော်အေးနှင့် မောင်လှကျော်(အစ်ကို)ဖြစ်သူတို့ အပါအဝင် ၁၅ ဦးဖြစ်ပြီး ထိုအထဲက  ခင်မောင်ချေ၊မိုးကုတ် အပါအဝင် ၄ ဦးအား သတ်ဖြတ်ပြီး အချို့အား လွတ်ပေးလိုက်ကာ တချို့အား ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။

ဘထွန်း၊ ကျော်အေးအပါအဝင် လွတ်ပေးလိုက်သူများရှိပြီး ဆက်လက် ဖမ်းဆီး ထားသူများလည်း ရှိနေသေးကြောင်းဒေသခံများထံမှသိရသည်။

ယခုကဲ့သို့ ကျေးရွာသား ၄ ဦးသတ်ဖြတ်ခံရသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အာရက္ခတပ်တော် တာဝန်ရှိသူများမှ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို စစ်ကောင်စီ တာဝန်ရှိသူများအား မေးမြန်း၍ မရသဖြင့် နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ရွှေဇားကျေးရွာအုပ်စု အောင်ဗလကျေးရွာ ၌ အိမ်ခြေ ၁၂၇ အိမ်၊ လူဦးရေ ၈၀၀ ခန့်နေထိုင်ကြပြီး ငါးလုပ်ငန်းနှင့် ငပိလုပ်ငန်းကို အဓိက လုပ်ကိုင်သည့် ကျေးရွာတစ်ခု ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့တွင် တိုက်ပွဲ ဖြစ်ပွားလာပြီးနောက်  ‌အောင်ဗလကျေးရွာမှ ဒေသခံအများစုမှာ စစ်ပြေးရှောင်သွာခဲ့ကြလို ကျန်လူ ၄၉ ဦးမှာ တစ်နေ့လုပ်မှ တစ်နေ့စားကြရသည့်  ဆင်းရဲနွမ်းပါးသူများ ဖြစ်သည့် အတွက်စစ်ဘေးမရှောင်ဘဲ ရွာထဲတွင် ပိတ်မိကျန်နေခဲ့ကြသူများ ဖြစ်ကြောင်း ရွာခံသားများ ထံမှ တဆင့် သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များမှာ အောင်ဗလ ဘုန်းတော်ကြီးကျောင်းနှင့် ရွှေဇားဂုံးနားကျေးရွာရှိ မွတ်ဆလင်နေအိမ်များ၌ စခန်းချနေရာယူထားကြပြီး နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးလျှက် ရှိနေကြောင်း သိရသည်။

(ပုံစာ- တိုက်ပွဲကြောင့် ဇွန်လအတွင်းက ထွက်ပြေးနေကြသည့် မောင်တော ဒေသခံများ/ပုံဟောင်းသာ)

ဆက်စပ် သတင်းများ