- Web Master
- ၀၈ ဧပြီ ၂၀၂၄
နိရဥ္စရာ၊ ဇွန် ၁၉/၂ဝ၂ဝ (နိုင်ငံတကာ)
အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ (Narendra Modi)မှ အိန္ဒိယနိုင်ငံအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အမြဲတမ်းမဟုတ်သော အဖွဲ့ဝင် ဖြစ်ရန် အတွက် ရွေးကောက်တင်မြှောက်ရာတွင် ထောက်ခံပေးကြသည့် အတွက် ကမ္ဘာအသိုင်းအဝိုင်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်း အဖွဲ့ဝင်မဟုတ်သည့် အဖွဲ့ဝင် နေရာအတွက် ရွေးချယ်ပွဲကို လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ရာ မှာ အိန္ဒိယနိုင်ငံသည် အိုင်ယာလန်၊ မက္ကဆီကို၊ နော်ဝေးနိုင်ငံနှင့် ကြာသပတေးနေ့က ရွေးကောက်တင်မြှောက်ခံရသည့် ကင်ညာနိုင်ငံများနှင့် အတူ အရွေးခံခဲ့ရသည်။
အိန္ဒိယကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံဖြစ်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာအသိုင်းအဝိုင်းက ထောက်ခံမှုကို လွှမ်းမိုးပြသခဲ့သည့်အတွက် အလွန်အမင်းကျေးဇူးတင်ပါကြောင်း ရွေးကောက်တင်မြှောက်ပြီး တစ်ရက် အကြာ ကြာသပတေးနေ့၌ တွစ်တာတွင် ရေးသားခဲ့သည်၊
အိန္ဒိယနိုင်ငံ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဂုဏ်သတ္တိနှင့် တန်းတူညီမျှမှုကို မြှင့်တင်ရေးတို့အတွက် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် အတူတကွ လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ UNSC တွင် အမြဲတမ်းမဟုတ်သော အဖွဲ့ဝင် (၂) နှစ် သက်တမ်း အတွက် မဲပေါင်း ၁၉၂ မဲအနက် ၁၈၄ ခုဖြင့် အိန္ဒိယသည် ဗုဒ္ဓဟူးနေ့တွင် ရွေးကောက် တင်မြှောက် ခံခဲ့ရသည်။
အိန္ဒိယနိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် ဖြစ်ရေး အတွက် ကြိုးပမ်းနေသော နိုင်ငံ ဖြစ်သည်။
လက်ရှိ အမြဲတမ်း အဖွဲ့ဝင် မဟုတ်သည့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှာ အက်စ်တိုးနီးယား၊ နိုင်ဂျာ၊ St. Vincent and the Grenadines ၊ တူနီးရှားနှင့် ဗီယက်နမ်တို့ဖြစ်ကြပြီး အသစ်ဖြစ်လာသော အမြဲတမ်း အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများမှာ အိန္ဒိယ၊ အိုင်ယာလန်၊ မက္ကဆီကို၊ နော်ဝေးနိုင်ငံနှင့် ကင်ညာနိုင်ငံများ ဖြစ်ကြသည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံအပါအဝင် စုစုပေါင်း ၁၅ နိုင်ငံရှိသည်။
(The Independent Online)