သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အီကွေဒေါ၌ ထောင်တွင်း အဓိကရုဏ်း ထပ်မံဖြစ်ပွား၍ လူ ၅၈ ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.1k

နိရဉ္စရာ၊ နိုဝင်ဘာလ-၁၄/၂၀၂၁ (Htay Oung-နိုင်ငံတကာ)

အီကွေဒေါနိုင်ငံတွင် လွန်ခဲ့သော စက်တင်ဘာလ၌ ရက်စက်ကြမ်းကြုတ်သော ရုန်းရင်း ဆန်ခတ် ဖြစ်ပွားမှုများကြောင့် အကျဉ်းသား ၁၁၉ ဦး သေဆုံးခဲ့ရသည့် ဂွာယာကွေးလ်_အကျဉ်းထောင်၌ပင် မငြိမ်မသက်မှုများ ထပ်မံဖြစ်ပွား ပြန်ရာ အကျဉ်းသား ၅၈ ဦး သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က စနေနေ့တွင် ပြောဆိုသည်ဟု AFP က ယမန်နေ့ ရေးသားသည်။

သောကြာနေ့တွင် စတင်ဖြစ်ပွားသည့် အကျဉ်းသားအချင်းချင်း တိုက်ခိုက်မှုများကြောင့် စနေ့အထိ အကျဉ်းသား ၅၈-ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၂-ဦးရှိကြောင်း အီကွာဒေါ_ရဲမှူးချုပ်က သတင်းထောက်များအား ရှင်းပြသည်။

အသက်များကို ကယ်တင်သည့်အနေဖြင့် ရဲတပ်ဖွဲ့က ကြားဝင်ဆောင်ရွက်ပေးခဲ့ရကြောင်း ဂွာယာကွေးလ် အကျဉ်းထောင်တည်ရှိရာ ဂွာယာပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

တောင်အမေရိကတိုက် ပစိဖိတ်သမုဒ္ဒရာအား မေးတင်လျှက်ရှိသည့် အီကွေဒေါနိုင်ငံ၏ ရာဇဝတ်မှုထိန်းသိမ်းရေးစနစ် လက်အောက်၌ ထောင်နှင့်ချီသော အကျဉ်းသားများအကြား မူးယစ်ဂိုဏ်းများနှင့် ဆက်နွယ်ကာ အဓိကရုဏ်းများအဖြစ်သို့ ပြောင်းလဲသွားလေ့ရှိသည်။ ဆူပူအကြမ်းဖက်မှုများနှင့် ထိပ်တိုက်ရင်ဆိုင်ကြခြင်းကြောင့် ယခုနှစ်အတွင်း အကျဉ်းသား ၃၀၀ နီးပါး သေဆုံးခဲ့ပြီးဖြစ်သည်။

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် မငြိမ်မသက်မှုသည် လက်တင်အမေရိကသမိုင်းတွင် အဆိုးရွားဆုံး အကျဉ်းထောင်တွင်း အစုအပြုံလိုက် သတ်ဖြတ်ကြမှုများအနက် တစ်ခုဖြစ်ပြီး အများအပြားမှာ ရက်စက်စွာ ခေါင်းဖြတ်သတ်ခံရခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ အဆိုပါ ဂွာယာကွေးလ်အကျဉ်းထောင်၌ပင် ယခုနောက်ဆုံး ဖြစ်ပွားသည့် အကြမ်းဖက်မှုမှာ အီကွေဒေါနိုင်ငံအကျဉ်းထောင်များ၏ ချိနဲ့ ပျက်ပြားလျှက်ရှိပုံကို ထပ်မံ အတည်ပြုလိုက်ခြင်းဖြစ်သည်။

အကျဉ်းသား ၅,၃၀၀ အတွက် ဒီဇိုင်းထုတ်ထားသော်လည်း လက်ခံနိုင်သည်ထက် ၆၀ ရာနှုန်းကျော် ပိုမိုကျော်လွန်ကာ လူပေါင်း ၈,၅၀၀ အထိ ချုပ်နှောင်ထားရာ ဂွာယာစ် ၁ အမှတ်အကျဉ်းထောင်သည် ပြိုင်ဘက်မူးယစ် ဆေးဝါးဂိုဏ်းတို့အကြား သွေးထွက်သံယို ရန်ငြိုးများအား ဖြေရှင်းရာ နယ်မြေဖြစ်လျှက်ရှိသည်။

ထို့ပြင် စက်တင်ဘာ ၂၈ ရက်၌ လူပေါင်း ၁၁၉ ဦး သေဆုံးခဲ့သည့် အဖြစ်ဆိုးအား အာဏာပိုင်တို့က ဖြိုခွင်းအပြီး၌ပင် ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် သောကြာနေ့ အကြမ်းဖက်မှုများ မတိုင်မီ အကျဉ်းသား ၁၅ ဦးထက်မနည်း သေဆုံးခဲ့သေးသည် ဆို၏။

စက်တင်ဘာ အကျဉ်းထောင်အဓိကရုန်းများအပြီး ရက်သတ္တနှစ်ပတ်အကြာတွင် အီကွေဒေါနိုင်ငံအတွင်း မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သော မငြိမ်မသက်မှုများကို ထိန်းကျောင်းရန်အတွက် ရက်ပေါင်း ၆၀ ကြာ နိုင်ငံတော်အရေးပေါ်အခြေအနေကို နိုင်ငံ၏ သမ္မတ_ဂီလာမူ_လက်ဆိုက  ကြေညာခဲ့သည်။

အကျဉ်းထောင်အကျပ်အတည်းများ စုပုံနေခြင်းကို ဖြေရှင်းရန်အတွက် ကာကွယ်ရေးဝန်ကြီးအသစ်ကိုလည်း ခန့်အပ်ခဲ့သည်။

မကြာသေးမီလများအတွင်း အီကွေဒေါနိုင်ငံတွင် အကြမ်းဖက်မှုများ သိသိသာသာ မြင့်တက်လာခဲ့ပြီး စီးပွားရေးမှာမူ ကျဆင်းလျက်ရှိနေသည်။ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်းတွင် နိုင်ငံတစ်ဝှန်းလုံး၌ လူသတ်မှုပေါင်း ၁,၉၀၀ နီးပါး စာရင်းပေါက်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ ၂ဝ၁ဝ ခုနှစ် တစ်နှစ်တာလုံးတွင် ၁,၄၀၀ မှုခန့်နှင့် နှိုင်းယှဉ် ကြည့်ဖွယ်ဖြစ်သည်။

 

(AFP.,13 November 2021,” New prison riot in Ecuador leaves 58 dead.” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ဆက်စပ် သတင်းများ