သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ခရီးသည် ၁၃ဝ ကျော်လိုက်ပါလာသည့် တရုတ်လေယာဉ် ပျက်ကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.5k

နိရ ဉ္စရာ
မတ်လ ၂၁ / ၂ဝ၂၂
ခရီးသည် ၁၃၂ ဦးလိုက်ပါလာသော တရုတ်အရှေ့ပိုင်း (China Eastern) လေကြောင်းလိုင်းပိုင်လေယာဉ်တစ်စင်းသည် တရုတ်နိင်ငံတောင်ပိုင်းတွင် ပျက်ကျသွားခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြသည်။
ပျက်ကျသွားသည့်လေယာဉ်မှာ China Eastern လေကြောင်းလိုင်းမှ ဘိုးရင်း ၇၃၇ လေယာဉ်ဖြစ်ပြီး ယနေ့ မတ်လ ၂၁ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီခွဲခန့်တွင် တရုတ်နိင်ငံတောင်ပိုင်း ဂွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တောင်ပေါ်တွင် ပျက်ကျသွားခြင်းဖြစ်သည်ဟု သတင်းတွင်ဖော်ပြသည်။
ခရီးသည် ၁၂၃ ဦးနှင့် လေယာဉ်အမှုထမ်း ၉ ဦးလိုက်ပါလာသည့် ယင်းလေယာဉ်သည် တရုတ်နိုင်ငံ ကူမင်းမြို့မှ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၁၁ မိနစ်တွင် ထွက်ခွာခဲ့ပြီး ကွမ်ကျိုးသို့ နေ့လယ် ၃ နာရီ ၅ မိနစ်တွင် ဆိုက်ရောက်ရမည်ဟု တရုတ်မြို့ပြ လေကြောင်းအာဏာပိုင်အဖွဲ့ (CAA)က ထုတ်ပြန်ထားသည်။
သို့သော် ယင်းလေယာဉ်သည် ပျံသန်းချိန် တစ်နာရီကျော်ကြာရှိခဲ့ပြီး ခရီးဆုံးသို့ ရောက်ခါနီး နေ့လယ် ၂ နာရီ ၂၂ မိနစ်တွင် အမြင့်ပေ ၃၂၂၅ ပေ၌ နောက်ဆုံးအဆက်အသွယ်ရရှိခဲ့သည်ဟု လေယာဉ်ပျံသန်းမှုကို စောင့်ကြည့်မှတ်တမ်းတင်သည့်ဝက်ဆိုက်များတွင် ဖော်ပြထားသည်။
ယင်းလေယာဉ်သည် တောင်ထူထပ်သည့်နေရာတွင် ပျက်ကျခဲ့ပြီး တောထဲတွင် ပေါက်ကွဲမီးလောင်ကျွမ်းခဲ့သည်ကို နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်ဟုလည်း BBC သတင်းက ဆိုသည်။
သေဆုံး/ထိခိုက်ဒဏ်ရာမှု စာရင်းအတိအကျနှင့် လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို လောလောဆယ် သိရှိနိုင်ခြင်းမရှိသေးပါ။
လက်ရှိတွင် လေယာဉ်ပျက်ကျသည့်နေရာသို့ တရုတ်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များသွားရောက်လျက်ရှိသည်ဟု သိရသည်။
တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်၊ သြဂုတ်လက ဟာဘင်မှ ယိချွန်သို့ပျံသန်းသည့် ခရီးသည်တင်လေယာဉ်တစ်စီးပျက်ကျပြီး ခရီးသည် ၄၂ ဦးသေဆုံးသွားခဲ့သည်ဟုလည်း BBC တွင် ဖော်ပြသည်။
ဓာတ်ပုံ - China Eastern လေကြောင်းလိုင်းမှ ဘိုးရင်း ၇၃၇ လေယာဉ်တစ်စင်းအား ၂ဝ၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်။

ဆက်စပ် သတင်းများ