- Web Master
- ၀၈ ဧပြီ ၂၀၂၄
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁/ ၂၀၂၃
မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ် နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ ဘင်ဒရိုဘင်ခရိုင်တွင် Kuki-Chin National Front (KNF)/ ကူကီး-ချင်းအမျိုးသားတပ်ဦးနှင့် ဘင်္ဂလာဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး ကူကီးအဖွဲ့ဝင်တစ်ဦး၏ ကျဆုံးသွားခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ် မီဒီယာများတွင် ရေးသားဖော်ပြသည်။
ကျဆုံးသွားခဲ့သည့် အလောင်းကို ဝေးလံပြီး တောင်ထူထပ်သည့် ဘင်ဒရိုဘင်ဒေသ၊ ရုံမော်မြို့နယ်တွင် ရဲများက တနင်္ဂနွေနေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟုဆိုသည်။
သေဆုံးသွားသည့် KNF အဖွဲ့ဝင်မှာ မည်သူမည်ဝါ မသိရှိရသေးဘဲ ဘင်္ဂလာဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရုံမော် ရဲစခန်းမှ စခန်းမှူး မိုဟာမက် အလမ်ဂျီယာ ဟိုစိန်က ပြောကြားသည်။
စခန်းမှူး အလန်ဂျီယာ၏ ပြောကြားချက်အရ ခွဲထွက်အုပ်စုနှင့် လုံခြုံရေးတပ်ဖွဲအကြား ပစ်ခတ်မှုများ စနေ့နေ့က စတင်ဖြစ်ပွားခဲ့သည်။
သေနတ်သံများ ကြားရပြီးနောက် မာလ်ပီကျေးရွာမှ မာရမာ လူမျိုးစု မိသားစု ၄၀ မှာ ရွာမှ ထွက်ပြေးပြီး ရုံမော်မြို့နယ်ရှိ လူမှုကူညီရေးအသင်း အဆောက်အဦးသို့ သွားရောက်ခိုလှုံခဲ့ရသည်ဟု ဆိုသည်။
တနင်္ဂနွေနေ့ နံနက်တွင် တိုက်ပွဲဖြစ်ပွားရာ နေရာကို ရဲများဝင်ရောက်စီးနင်းစဉ် အလောင်းကို တွေ့ရခြင်းဖြစ်သည်။
" ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၁၇)ရက် ကတည်းက ဒီတောင်တန်းဒေသမှာ ပူးပေါင်းတပ်ဖွဲ့တွေက ရူမာ ဥပဇီလာ နယ်စပ်တစ်လျှောက်မှာ ပြန့်ကျဲ လှုပ်ရှားနေတဲ့ KNF အဖွဲ့ဝင်တွေကို စစ်ဆင်ရေးပြုလုပ်ခဲ့တယ်။ မကြာခင်ကတော့ ထိတွေ့ ပစ်ခတ်မှုတွေ ရှိခဲ့တယ်။ သူတို့ ရောက်လာတတဲ့အတွက် ဒေသအသီးသီးက ရွာသားတွေဟာ ကြောက်လန့်ပြီး နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြရတယ်" ဟု သူက ဆက်လက်ပြောဆိုသည်။
ကူကီးချင်းအမျိုးသားတပ်ဦး (KNF) သို့မဟုတ် ဘွမ်ပါတီ သည် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ၎င်းတို့၏ အဖွဲ့ဝင် ၁၂ ဦးကို မိုဇိုရမ်ပြည်နယ်တွင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်က ပြန်လည်မြင်တွေ့လာရခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလက KNFသည် ဘင်္ဂလာဒေ့ရှ် စစ်သွေးကြွအုပ်စုအသစ်တစ်ခုဖြစ်သည့် " ဂျမားအတူ အန်ဆာ ဖီလ် ဟင်ဒယ်လ် ရှာကီရာ" အဖွဲ့ဝင်များကို ငွေကြေးဖြင့် လေ့ကျင့် သင်တန်းပေးနေသည်ကို ရဲများ ရှာဖွေတွေ့ရှိခဲ့သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။