သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံဘောလုံးတစ်လုံးကို အမေရိကန်ကောင်းကင်ယံပေါ်တွင် တွေ့ရှိ၊ ပင်တာဂွန်က အကဲခတ်စောင့်ကြည့်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.1k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၃/ ၂၀၂၃ (နိုင်ငံတကာ)

 

 သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံဘောလုံးတစ်လုံးကို အမေရိကန်ပြည်ထောင်စု အနောက်ဘက် ကောင်းကင်ယံတွင် ရက်အတန်ကြာ ပျံသန်းနေသည်ကို တွေ့ရှိရကြောင်း ပင်တာဂွန် စစ်ဌာနချုပ်က ပြောကြားသည်။

 

သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံဘောလုံးသည် ပုံမှန်ခရီးသည်တင် လေယာဉ်များ ပျံသန်းသည့် အမြင့်ပေထက် ပိုမိုမြင့်မားသောကောင်းကင်တွင် ပျံသန်းနေပြီး အမေရိကန် ထိပ်တန်းအရာရှိများက ပစ်ချရန် သမ္မတ ဂျိုးဘိုင်ဒင်အား အကြံပြုခဲ့ကြသော်လည်း အပျက်အစီးများ မြေပြင်ပေါ်ကျပြီး ထိခိုက်မှုရှိမည်စိုးသဖြင့် မပစ်ချဘဲ ဆက်လက်စောင့်ကြည့်နေခဲ့သည်ဟုဆိုသည်။

 

အမေရိကန်နိုင်ငံရဲ့အလွန်မြင့်မားတဲ့ ကောင်းကင်ယံပေါ်မှာ ပျံသန်းနေတဲ့ တရုတ်ထောက်လှမ်းရေး မိုးပျံဘောလုံးတစ်လုံးကို ဒီနေ့ ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်။ ဒီ မိုးပျံဘောလုံးဟာ ခရီးသည်တင်လေယာဉ်တွေ ပျံသန်းတဲ့ အမြင့်ပေရဲ့ အထက်မှာ ပျံသန်းနေတာဖြစ်ပြီး မြေပြင်ပေါ်ကို အန္တရာယ်ပေးနိုင်တဲ့ အနေအထားမျိုး မတွေ့ရပါဘူးဟု ပင်တာဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ် ရိုင်ဒါက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

အမေရိကန် အထက်လွှတ်တော်အမတ် မာက်ု ရူဘီယိုက လွန်ခဲ့တဲ့ ငါးနှစ်အတွင်း တရုတ်နိုင်ငံက အမေရိကန်အပေါ် ထောက်လှမ်းမှုတွေ ပိုများလာပြီး ပြောင်ပြောင်တင်းတင်း ဖြစ်လာတာတွေ့ရတယ်။ ဒါဟာ မဆန်းပါဘူးဟု ဆီးနိတ်ထောက်လှမ်းရေးကော်မတီကို ပြောကြားခဲ့သည်။

 

ယခု သတင်းမှာ စီအိုင်အေ ဒါရိုက်တာ ဝီလျံဘန်းစ် က လက်ရှိအချိန်မှာ တရုတ်နိုင်ငံဟာ ပထဝီနိုင်ငံရေးအရ အမေရိကန်ကို အကြီးမားဆုံး ခြိမ်းခြောက်နေတဲ့နိုင်ငံပါဟု ဂျော့တောင်းတက္ကသိုလ်တွင် ပြောကြားအပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။

 

မကြာမီရက်များအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် သည် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ အမေရိကန် ထိပ်တန်းကာကွယ်ရေးအရာရှိတစ်ဦးက ယခုတွေ့ရှိရသည့် တရုတ်ထောက်လှမ်းရေး မိုးပျံဘောလုံးသည် အမေရိကန်လေပိုင်နက်အတွင်း ဝင်ရောက်လာသည့်အတွက် အမေရိကန်အနေဖြင့် လိုအပ်သလို ထိန်းသိမ်းပိုင်ခွင့် ရှိသည်ဟုဆိုသည်။

 

 ဗုဒ္ဓဟူးနေ့က မွန်တာနာမြို့အနီးတွေ့ရှိခဲ့သည့် တရုတ်မိုးပျံဘောလုံးကို ပစ်ချရန် သမ္မတဂျိုးဘိုင်ဒင်အား အကြံပြုကြသော်လည်း အပျက်အစီးများမြေပြင်ပေါ်ကျပြီး အန္တရာယ်ဖြစ်မည်စိုးရိမ်သဖြင့် အဆိုပါအစီအစဉ်ကို ပယ်ချခဲ့သည်။

 

မိုးပျံဘောလုံးတွေ့ရှိခဲ့သည့် မွန်တာနာလေဆိပ်ကို နှစ်နာရီကြာ ပိတ်ထားပြီး အမေရိကန် အက်ဖ်-၂၂ တိုက်လေယာဉ်များကိုလည်း တပ်လှန့်ထားခဲ့သည်။

 

အမေရိကန်အရာရှိများ၏ အဆိုအရ မိုးပျံဘောလုံး ဖြတ်သန်းရာလမ်းကြောင်းသည် အလွန်ထိရှလွယ်သည့်နေရာများ ဖြစ်သည်ဟုဆိုသည်။

 

မွန်တာနာရှိ မယ်လ်စထရွမ် လေတပ်အခြေစိုက်စခန်းသည် အမေရိကန်၏ တိုက်ချင်းပစ် ဒုံးပျံခွံ ၁၅၀ သိုလှောင်ထားရာနေရာဖြစ်သည်။

 

ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး အမေရိကန်အရာရှိများက တရုတ်အစိုးရတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းထားသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်စုံတရာ ပြန်လည်ဖြေကြားခြင်းမရှိသေးဟု ဆိုသည်။ NN-27

 

 ပုံစာ- ဖေဖော်ဝါရီ(၁)ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ မွန်တာနာပြည်နယ်၊ ဘီးလင်းမြို့ ကောင်ကင်ပေါ်တွင် မြင်တွေ့ရသည့် မိုးပျံဘောလုံး။ ref: Reuters

ဆက်စပ် သတင်းများ